- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ရခိုင်အမျိုးသားပါတီကို ၆ လကျော်ကြာသော်လည်း ပါတီမှတ်ပုံတင် ချမပေးသေး
ရခိုင်ပြည်အတွင်းက အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည်မှာ ၆ လကျော်ကြာသော်လည်း ပါတီမှတ်ပုံတင်ခွင့် ချမပေးသေးကြောင်း ပါတီတာဝန်ရှိသူထံမှ သိရသည်။
18 Oct 2023
DMG ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်အတွင်းက အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) က စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည်မှာ ၆ လကျော်ကြာသော်လည်း ပါတီမှတ်ပုံတင်ခွင့် ချမပေးသေးကြောင်း ပါတီတာဝန်ရှိသူထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သော်လည်း လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့် ချမပေးသေးသဖြင့် ပါတီလုပ်ငန်းများကို ရပ်နားထားရသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“မှတ်ပုံတင်ကတော့ အခုထိ ချမပေးသေးဘူး။ ပါတီမှတ်ပုံတင်ထားတဲ့ တချို့ပုဂ္ဂိုလ်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်။ ပါတီက မှတ်ပုံတင်လည်း မကျသေးတော့ ပါတီလုပ်ငန်းစဉ်တွေကို ရပ်နားထားရတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ရခိုင်ပြည်အတွင်းက ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က မှတ်ပုံတင်ခွင့်လျှောက်ခဲ့ကြသည်။
လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ခုထဲတွင် ANP ပါတီမှလွဲ၍ ကျန်ပါတီများမှာ ပါတီမှတ်ပုံတင်ခွင့် ရရှိထားပြီဖြစ်သည်။
ANP ပါတီကို မှတ်ပုံတင်ချမပေးခြင်းမှာ ယခင်က ပါတီထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် တာဝန်ယူခဲ့သူ အချို့မှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် ပူးပေါင်းမှုများရှိ၍ ဖြစ်နိုင်သည်ဟု နိုင်ငံရေးသမားများက သုံးသပ်ကြသည်။
ရခိုင်ပြည်တွင် ULA နှင့် ANP ပါတီတို့ အင်အားကြီးထွားလာမည်ကို စစ်ကောင်စီက စိုးရိမ်မှုများရှိနေသဖြင့် ANP ပါတီအား မှတ်ပုံတင်ချပေးမည်မှာ မသေချာဖြစ်နေသည်ဟု ကျောက်ဖြူမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသားတစ်ဦးက သူ့၏အမြင်ကိုပြောသည်။
“သူတို့နဲ့ အတိုက်အခံဖြစ်လာနိုင်တဲ့ ANP ကို ဖယ်ရှားလိုက်မှာကို စစ်ကောင်စီက လက်တွန့်နေမှာမဟုတ်ဘူး။ သူတို့ မနိုင်ရင်တော့ သူတို့လက်ဝယ်ခံ ပါတီတစ်ခုကို အနိုင်ပေးချင်တာကြောင့် ANP က ပါတီမှတ်ပုံတင်ကျနိုင်ခြေ နည်းနိုင်တယ်” ဟု ၎င်းကရှုမြင်သည်။
ယခင်က ANP ပါတီတွင် ထိပ်ပိုင်းခေါင်းဆောင်နေရာ တာဝန်ယူခဲ့သူအချို့မှာ ULA နှင့် ပူးပေါင်းမှုရှိသဖြင့် ပါတီမှတ်ပုံတင်ခွင့် မကျခြင်းဟု ပြောဆိုမှုများနှင့်ပတ်သက်ပြီး ANP ပါတီမှ တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိပေ။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများကြောင့် နိုင်ငံရေးပါတီများ၏ အခင်းအကျင်းမှာ အားနည်းချက်များစွာရှိနေကြောင်း ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကျထားတဲ့ ပါတီတွေလည်း လုပ်ရကိုင်ရ အခက်အခဲရှိနေ ကြတယ်လို့ သုံးသပ်ရတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ နိုင်ငံရေးပါတီတွေ ပါဝင်လုပ်နိုင်တဲ့ အခင်းအကျင်းက တော်တော်လည်းကို အားနည်းတယ်” ဟု ၎င်းကပြောသည်။
ANP ပါတီသည် ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် ရခိုင်ပြည်အတွင်း လူထုထောက်ခံမှု အများဆုံးဖြင့် မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။
လက်ရှိ ရခိုင်ပြည်အတွင်းက ပါတီ ၅ ခုကို စစ်ကောင်စီရွေး/ကော်မှ ပါတီမှတ်ပုံတင်ချပေးထားသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ရရှိသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီတစ်ခုလျှင် ပါတီဝင်ဦးရေ ၁၀၀၀ နှင့်အထက်ကို အမည်စာရင်း ပေးထားရသည်။
သို့သော် မှတ်ပုံတင်ခွင့်ရရှိထားသည့် နိုင်ငံရေးပါတီအချို့မှာ ပါတီဝင်အင်အားစာရင်း ထက်ဝက်ကျော်၏ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များ ကွဲလွဲမှုရှိနေ၍ ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပြန်တင်ရန် အသိပေးထားကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြိုတိုင်းရင်းသားပါတီတွင် ပါတီဝင်အင်အား ၁,၅၀၀ ကျော်တင်ထားသည့် အထဲ လူ ၁,၁၀၀ ခန့်၏ စာရင်းမှာ အမည်နှင့် အကြောင်းအရာများ ကွဲလွဲနေကြောင်း ပြောဆိုလာကြောင်း သိရသည်။ သို့သော်လည်း လွဲမှားသည့် အကြောင်းကို တိကျစွာချပြခြင်း မရှိသေးသဖြင့် ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးဟု မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။
“ဘယ်သူ၊ ဘယ်ရွာက နာမည်မှားတယ်။ မှတ်ပုံတင် နံပါတ်မှားတယ်။ နေရပ်လိပ်စာမှားတယ်ဆိုတာ တိတိကျကျ စာရင်းထုတ်မပြသေးတဲ့အတွက် အဲဒီအမှားကို ပြင်လို့မရလို့ ပြန်ပြီးတင်တာ မရှိသေးဘူး။ အဲဒီလို လွဲမှားတဲ့ ပါတီဝင်တွေကို UEC ဖက်ကလည်း လုံးဝပယ်လိုက်တာလို့ မပြောသေးတဲ့အတွက် ဘာမှ ပြောလို့မရသေးဘူး” ဟု ၎င်းကပြောသည်။
နာမည်၊ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ လွဲမှားနေသည့် ပါတီဝင်များကို ခေါ်ယူစစ်ဆေးမှုလုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က DMG ကို ပြောသည်။
“အဲဒီလို လွဲမှားမှုရှိတဲ့ပါတီတွေကို ခေါ်ပြီးစစ်နေတယ်။ ဒီလူတွေကတော့ နာမည်တွေမှားတယ်။ ဒီလူတွေက နိုင်/ကဒ်တွေ လွဲနေတယ်။ စုစုပေါင်း ဘယ်နှစ်ယောက်ပေါ့။ အဲဒီအခါမှ စာရင်းနဲ့တခါတည်းပေးမှာ။ အခုက လ.ဝ.က၊ ထွေ/အုပ်နဲ့ ကော်မရှင်ကပေါင်းပြီးတော့ စစ်နေကြတယ်” ဟု ၎င်းကပြောသည်။
လွဲမှားနေသည့် ပါတီဝင်စာရင်းများကို လာမည့် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်တင်ရမည် ဖြစ်သည်။ ထိုကာလအတွင်းမှာ ပါတီဝင်အင်အားစာရင်းကို ပြင်ဆင်ပြီး မတင်ပြနိုင်လျှင် ကော်မရှင်က ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေတွင် ပြဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးပဋိပက္ခများကြောင့် ရွေးကောက်ပွဲဖြစ်နိုင်ခြေ မရှိဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ရှုမြင်ထားကြသည်။