မောင်တောခရိုင်တွင် တိုက်ပွဲကာလ NGO ရုံး ၃ ရုံး ဖောက်ထွင်း ဖျက်ဆီးခံရ 

လူသားချင်းစာနာမှု အကူအညီများပေးနေသော အဖွဲ့အစည်းများ၏ ရုံးခန်းများကို အကြမ်းဖက် ဖျက်ဆီးခြင်းသည် ဒေသနေလူထုအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးက္ဍများတွင် နစ်နာမှုများရှိနေသည်။

By Admin 31 Jul 2024

မောင်တော WFP ဂိုဒေါင်ကို စစ်ကောင်စီက ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်ကို AA က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ (ဓာတ်ပုံ - AA Info Desk)
မောင်တော WFP ဂိုဒေါင်ကို စစ်ကောင်စီက ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်ကို AA က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇူလိုင် ၃၁

ရခိုင်ပြည် မောင်တောခရိုင်တွင် လူသားချင်းစာနာမှု အကူညီပေးနေသည့် NGO၊ INGO အဖွဲ့ (၃) ဖွဲ့၏ ရုံးနှင့် ဂိုဒေါင်များမှာ လက်ရှိတိုက်ပွဲကာလအတွင်း ဖောက်ထွင်းဖျက်ဆီးခံခဲ့ရသည်။ 

ရခိုင်ဒေသအတွင်း လူသားချင်စာနာမှုအကူညီများ ဆက်တိုက်ပေးနေသည့် နယ်စည်းမထားဆရာဝန်များအသင်း (MSF)၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS) တို့၏ ရုံးများကို စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်လက်နက်ကိုင်များက ဖောက်ထွက်ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က ဘူးသီးတောင်မြို့ရှိ MSF ရုံးကို ဖောက်ထွင်းကာ ဆေးပစ္စည်းများကို ယူဆောင်ပြီး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ဇွန် ၂၁ ရက်ကလည်း မောင်တောမြို့နယ်၊ ဝေသာလီရွာအနီးရှိ WFP ဂိုဒေါင်ကို ဖောက်ထွင်းကာ ဆန်ရိက္ခာများကို ယူဆောင်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

ယင်းအပြင် ယခုရက်ပိုင်းအတွင်းလည်း မောင်တောမြို့ရှိ MRCS ရုံးကို ဖောက်ထွင်းကာ ဆေးဝါးပစ္စည်းများကို ယူဆောင်သွားပြီးနောက် ရုံးကို ဖျက်ဆီးခဲ့ပြန်သည်။ 

မောင်တောဒေသခံတစ်ဦးက “NGO၊ INGO အဖွဲ့တွေက ဒေသဖွံဖြိုးရေးအတွက် လုပ်ဆောင်နေတာဖြစ်တယ်။ အဲဒီရုံးတွေကို စစ်ကောင်စီက ဝင်ရောက်ပြီးတော့ ပစ္စည်းတွေကိုယူတယ်။ အဆောင်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဒါတွေကို နိုင်ငံတကာက အရေးယူ‌ဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

ဘူးသီးတောင်ရုံး မီးရှို့ခံရပြီးနောက် ရခိုင်ပြည်မြောက်ပိုင်းရှိ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှုလုပ်ငန်းများကို ဇွန်လမှစ၍ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း MSF အဖွဲ့က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။

လူသားချင်းစာနာမှု အကူအညီများပေးနေသော အဖွဲ့အစည်းများ၏ ရုံးခန်းများကို အကြမ်းဖက် ဖျက်ဆီးခြင်းသည် ဒေသနေလူထုအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးက္ဍများတွင် နစ်နာမှုများရှိနေသည်။

စစ်တွေမြို့မှ INGO ဝန်ထမ်းတစ်ဦးက “အခု ရုံးခန်းဖျက်စီးခံလိုက်ရတဲ့အဖွဲ့တွေက စစ်ရေးနဲ့ ဘာမှမသက်ဆိုင်ဘူး။ စစ်ဘေးရှောင်တွေနဲ့ ပြည်သူတွေအပေါ် တောက်လျှောက်အကူညီပေးနေတာ။ WFP ဆိုရင် ငွေနဲ့ ဆန်ဆီဆား စသဖြင့်။ MSF ဆိုရင်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ ကြက်ခြေနီကလည်း အရေးပေါ်လူနာတွေကို ကူညီပေးနေတာ။ အခု ဒီလုပ်ငန်းတွေရပ်တန့်နေတော့ ပြည်သူတွေအတွက် နစ်နာတယ်” ဟု ပြောသည်။

ရခိုင်ဒေသတိုက်ပွဲအတွင်း ပိတ်မိနေသော လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း အာရက္ခတပ်တော်(AA) က ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီကတော့ လူသားချင်းစာနာမှုအဖွဲ့များ၏ ဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည်။ 

ဘူးသီးတောင်တိုက်ပွဲပြင်းထန်နေချိန် မြို့ပေါ် UNHCR ရုံး၏ လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကြောင့် မေလ ၁ ရက် တွင် သေဆုံးသွားခဲ့သည်။ 

ယင်းအပြင် စစ်ကောင်စီက အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့သည့် စစ်တွေ ဗျိုင်းဖြူရွာဖြစ်စဉ်တွင်လည်း MRCS ရုံးမှ ဝန်ထမ်းတစ်ဦးပါဝင်ကြောင်း သိရသည်။

ထိုကဲ့သို့ INGO၊ NGO ရုံးများ မီးရှို့ဖျက်ဆီးခံရခြင်း၊ ဝန်ထမ်းများ ဖမ်းဆီးခံနေရခြင်းကြောင့် အခြား NGO၊ INGO အဖွဲ့အစည်းမှ ဝန်ထမ်းများမှာလည်း လုံခြုံမှုကင်းမဲ့မှုကို ခံစားနေရကြောင်း ပြောဆိုကြသည်။