မုန်တိုင်းသင့်ပြည်သူများကို POSCO နှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်တို့ ပူးပေါင်းပြီး ဆန်အိတ် ၆ ထောင် လှူဒါန်း
ရခိုင်က မုန်တိုင်းသင့်ပြည်သူများအတွက် POSCO International ကုမ္ပဏီနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဆန်အိတ် ၆ ထောင်ကို လှူဒါန်းပေးနေသည်။
15 Jul 2023
DMG ၊ ဇူလိုင် ၁၅
ရခိုင်က မုန်တိုင်းသင့်ပြည်သူများအတွက် POSCO International ကုမ္ပဏီနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဆန်အိတ် ၆ ထောင်ကို လှူဒါန်းပေးနေကြောင်း သိရသည်။
ဆန်အိတ် ၄ ထောင်ခန့်ကို ပေါက်တောမြို့နယ် သဲခုံ၊ တောင်ဦးမော်၊ လက်ပံပြား၊ မနော်သီရိ၊ သဝင်ချောင်း စသည့် ကျေးရွာများတွင် လှူဒါန်းထားပြီးဖြစ်ကာ ကျန်ဆန်အိတ် ၂ ထောင်ကျော်ကို စစ်တွေမြို့က အိမ်ထောင်စု ၁,၅၀၀ အတွက် တိုကင်စနစ်ဖြင့် လှူဒါန်းသွားမည်ဖြစ်သည်။
စစ်တွေမြို့က မုန်တိုင်းသင့် ဆင်းရဲနွမ်းပါးသူများအား တစ်အိမ်ထောင်လျှင် ဆန်နှစ်တောင်းနှုန်းဖြင့် လှူဒါန်းနိုင်ရန် ဇူလိုင်လ ၁၄ ရက်ကစပြီး ကဒ်ပြားထုတ်ပေးထားကာ ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်လှူဒါန်းပေးသွားမည်ဖြစ်သည်။
“မိုခါပြီးတဲ့နောက်မှာ ပြည်သူတွေက စားဝတ်နေရေး ဆင်းရဲမှုဒဏ်တွေကို ကြုံနေကြရတယ်။ ဒါကြောင့် သူတို့ကို ထောက်ပံ့မှုတွေရစေချင်လို့ အခုလိုပေးနိုင်အောင် ဆောင်ရွက်ခဲ့တာ” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဌ ဦးမင်းထည်ဝါက ပြောသည်။
ဆန်ရိက္ခာထောက်ပံ့ပေးမည့်သတင်းကြောင့် မုန်တိုင်းသင့်ဒေသခံ တစ်ထောင်ခန့်မှာ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရုံးရှေ့ လာရောက်စောင့်ဆိုင်းနေကြသည်ကို DMG က တွေ့မြင်ခဲ့ရသည်။
“ဆန်အလှူပေးဖို့အတွက် လက်မှတ်ထုတ်ပေးတယ်ဆိုတာ ကျမတို့က ဒီနေ့မှသိတယ်။ မနက် ၆ နာရီကတည်းက လာပြီးစောင့်တာ။ အခု လက်မှတ်က ကုန်သွားပြီလို့ ပြောတယ်” ဟု မင်းဂံအကွက် (၁၇)မှ ဒေါ်လှမေက ပြောသည်။
တိုကင်လက်မှတ် ထုတ်ပေးရာတွင် မုန်တိုင်းသင့်ပြည်သူစုစုပေါင်း ၃,၀၀၀ ကျော် လာရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်တွင် မုန်တိုင်းတိုက်ခတ်မှု ၂ လပြည့်မြောက်ပြီ ဖြစ်သော်လည်း အများစုမှာ အမိုးအကာ မလုံခြုံမှု၊ စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရကြရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက်လည်း စိန်ခေါ်မှုများစွာ ရှိနေကြသည်။
#I011