AA ထိုးစစ် သံတွဲမြို့အထိ ထိုးဖောက်လာနေ

ငပလီမြို့နှင့် (၂)မိုင်ခန့်အကွာ ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ ဇွန်လ ၄ ရက် နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။ 

By Admin 04 Jun 2024

AA ထိုးစစ် သံတွဲမြို့အထိ ထိုးဖောက်လာနေ

DMG ၊ ဇွန် ၄ 

ရခိုင်ပြည်၊ သံတွဲမြို့နှင့် ၂၅ မိုင်အကွာ ကွေ့ချောင်း၊ ရေစင် ကျေးရွာများအနီး စတင်ခဲ့သည့် စစ်ကောင်စီနှင့် AA တို့ကြားတိုက်ပွဲမှာ တိုက်ပွဲဧရိယာ တဖြည်းဖြည်းကျယ်ပြန့်လာပြီး သံတွဲမြို့နားထိ နားကပ်လာနေပြီ ဖြစ်သည်။  

အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်နေပြီး စစ်ကောင်ဖက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အကြိတ်အနယ် ခုခံတိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

ငပလီမြို့နှင့် (၂)မိုင်ခန့်အကွာ ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ ဇွန်လ ၄ ရက် နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။ 

“တိုက်ပွဲကတော့ မနေ့က တော်တော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်ကြတာ။ စစ်ကောင်စီဖက်ကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေရော တရက်စက်ပေးနေတယ်။ မနေ့ညကဆိုရင် တစ်ညလုံး Y-12 လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲနေတာ။ ဒီနေ့မနက်လည်း နေဗီကနေ လက်နက်ကြီးတွေ ပစ်နေတုန်းပဲ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီပစ်ခတ်မှုများကြောင့် ဂေါ့ကျေးရွာအတွင်း လက်နက်ကြီးကျကာ ဒေသခံ ထိခိုက်သေဆုံးမှုများရှိနေပြီး အသေးစိတ်ကိုသိရှိရန် DMG က စုံစမ်းဆဲဖြစ်သည်။  

ဂေါ့ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီ၏ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းနှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး AA အဆိုပါတပ်ရင်းကို သိမ်းပိုက်နိုင်ရေး တစ်စတစ်စ ထိုးဖောက်ဝင်ရောက်နေခြင်း ဖြစ်သည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၅၆၆)၊ ခလရ (၅၅) တပ်ရင်းများအပြင် ရေတပ်အင်အားလည်း ရှိနေသည်။ အရှိန်မြှင့်လာသော AA ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီက ခမရ (၅၆၆) တပ်ရင်းတွင် အင်အားအလုံးအရင်း ဖြည့်တင်းထားသည်။

“ဂေါ့ကျေးရွာအနီးက စစ်ကြောင်းတွေကို AA က ချေမှုန်းလိုက်တာကြောင့် ခမရ (၅၆၆) တပ်ရင်းကိုဝင်တိုက်မှာကို စစ်ကောင်စီက စိုးရိမ်ပုံရတယ်။ အခု ခလရ (၅၅) ဖက်ကနေ တင့်ကားတွေနဲ့ စစ်ကူပို့တာတွေရှိတယ်” ဟု AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၀ ခန့်အကွာ ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ လင်းသီ၊ ဒေါ်မြ၊ ကျောင်းကုန်း စသည့် ကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ တိုက်ပွဲစတင်ခဲ့သည်။ ရွှေလှေ၊ လင်းသီတိုက်ပွဲအတွင်း စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အများအပြား ကျဆုံးမှုများ ရှိခဲ့သည်။

သူဌေးစီမံကိန်းအနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီ စစ်ကြောင်းများမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရာသီဥတုဆိုးရွားမှုကို အခွင့်ကောင်းယူပြီး တပ်ဆုတ်သွားမှုများရှိသည်ဟု AA တပ်မှူးချုပ်က ဇွန်လ ၃ ရက် VOA သတင်းဌာနနှင့် သီးသန့်အင်တာဗျူးမှာ ပြောကြားသည်။ 

“တိုက်ပွဲက မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတော့တယ်။ သံတွဲမြို့လုံခြုံရေးအတွက်ထားတဲ့ ငပလီနားကတပ်ရင်းတွေကို အေအေက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ပေါ်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းလာနေတာလို့ မြင်တယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်ရှိ မြို့နယ် (၁၇) ခုထဲမှ (၉) မြို့နယ်ကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA)သည် ကျန်မြို့များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်နေကြောင်း ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။