စစ်ကောင်စီပစ်ခတ်မှုကြောင့် ဆင်ခေါင်းကျေးရွာတွင် အရပ်သား ၆၀ ကျော်သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၆၄ ဦးအထိရှိနေသည်။ 

By Admin 07 Jun 2024

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆင်ခေါင်းကျေးရွာ။ (ဓာတ်ပုံ - CJ)
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆင်ခေါင်းကျေးရွာ။ (ဓာတ်ပုံ - CJ)

DMG ၊ ဇွန် ၇

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၆၄ ဦးအထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ဆင်ခေါင်းကျေးရွာအနီးတွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇွန် ၄ ရက်နှင့် ၅ ရက်အတွင်း နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုပြုလုပ်ခဲ့၍ သေဆုံးမှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 

“အရပ်သားသေဆုံးမှုက ၅၀ နဲ့ ၁၀၀ ကြားမှာရှိတယ်။ မနေ့က (ဇွန်လ ၆) အထိတော့ ၆၄ ဦးကို မြေမြှုပ်ထားပြီးပြီ ဖြစ်တယ်လို့ ရွာသားတွေက ပြောတယ်။ စစ်ကောင်စီက ဆင်ခေါင်းရွာရဲ့ ဆလီကုန်းပိုင်းနဲ့ မော်ဖျားပိုင်းတွေကို အဓိက တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ဆင်ခေါင်းကျေးရွာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။  

သေဆုံးသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးပိုင်းနှင့် လူလတ်ပိုင်းအမျိုးသမီးများ၊ ပညာရေးဝန်ထမ်းများနှင့် ရွှေ့ပြောင်း‌အလုပ်လုပ်ကိုင်နေသူများပါဝင်ကြောင်း သိရသည်။ 

ဆင်ခေါင်းကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။ အဆိုပါကျေးရွာတွင် ရခိုင်မြောက်ပိုင်းမှလာရောက်ပြီး ရေလုပ်ငန်းလုပ်ကိုင်နေသူများလည်း အများအပြားရှိသည်။ 

စစ်ကောင်စီပစ်ခတ်မှုအတွင်း ဆင်ခေါင်းကျေးရွာတွင် သေဆုံးသူ ၁၀၀ ခန့်ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြသည်။ လက်ရှိ ဖုန်းလိုင်းဆက်သွယ်ရေးပြတ်တောက်နေ၍ သေဆုံးသူဦးရေအတိအကျကို သိရရှိနိုင်ရန် အခက်အခဲရှိနေသည်။

“ဆင်ခေါင်းမှာ ရခိုင်မြောက်ပိုင်းကလူတွေရှိတဲ့အတွက် အေအေကို ထောက်ခံကြတယ်ဆိုပြီး စစ်ကောင်စီ အပေါင်းပါတွေက သတင်းပေးတာရှိတယ်လို့ သိရတယ်။ သူတို့က ရေလုပ်ငန်းနဲ့ အသက်မွေးနေကြတာ ဖြစ်တယ်။ ဘာလက်နက်ကိုင်မှလည်းမရှိဘူး။ စစ်ကောင်စီက အေအေကို ပြည်သူတွေ မထောက်ခံရဲအောင် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်ပြီး အကြောက်တရား သွတ်သွင်းနေတာဖြစ်တယ်” ဟု သံတွဲမြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီပစ်ခတ်မှုကြောင့် ဆင်ခေါင်းကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး နေထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲရှိနေကြသည်။ 

ရခိုင်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေ၍ သေဆုံးမှုနှုန်းမြင့်တက်လျက်ရှိပြီး ဇွန်လ ၁ ရက်မှ ၇ ရက်အထိ အရပ်သားသေဆုံးသူ ၁၀၀ ခန့်ရှိနေသည်။ 

ဗီဒီယိုများ