ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ အစည်းအဝေးပြုလုပ်

နိုဝင်ဘာ ၂၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းလုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ 

By Admin 30 Nov 2023

စစ်တွေမြို့တွင် နိုဝင်ဘာ ၂၈ ရက်က ပြည်နယ်စစ်ကောင်စီဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ  ပြုလုပ်ခဲ့သည့် အစည်းအဝေး။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင်
စစ်တွေမြို့တွင် နိုဝင်ဘာ ၂၈ ရက်က ပြည်နယ်စစ်ကောင်စီဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ  ပြုလုပ်ခဲ့သည့် အစည်းအဝေး။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင်

DMG ၊ နိုဝင်ဘာ ၃၀ 

ရခိုင်ဒေသရှိ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်နယ်အဆင့် အစည်းဝေးတစ်ရပ်ကို ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများက ပြုလုပ်ခဲ့ကြသည်။ 

နိုဝင်ဘာ ၂၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းလုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ 

“ပြည်နယ်အဆင့်အစည်းဝေးလုပ်တယ်။ ဌာနဆိုင်ရာကလူကြီးတွေ အကုန်လုံးပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အစီအစဉ်တွေချကြတယ်။ အစည်းဝေးနောက်ပိုင်း ဘယ်လိုညွှန်ကြားလိုက်လဲ ဆိုတာကိုတော့ လောလောဆယ် အောက်ခြေဝန်ထမ်းတွေ မသိကြရဘူး” ဟု ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

နိုဝင်ဘာ ၁၃ ရက်တွင် စတင်လာခဲ့သည့် ရခိုင်တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်း တာဝန်ကျနေသည့် ဌာနဆိုင်ရာအကြီးအကဲများ၏ မိသားစုဝင်များမှာ ပြည်မဘက်သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် ဝန်ထမ်းအချို့ ပြောပြချက်အရ သိရသည်။ 

နိုဝင်ဘာ ၂၈ ရက်တွင် အစည်းအဝေးပြုလုပ်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့က မြို့နယ်အချို့မှ ဌာနဆိုင်ရာဝန်ထမ်းများကို ရုံးပုံမှန်တက်ရောက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။ 

“မနေ့က ကျမလက်ရှိတာဝန်ကျနေတဲ့ ထွေအုပ်ရုံးကနေ တဆင့်ခံအကြောင်းကြားလာတာ ရှိတယ်။ အခြေနေမကောင်းလို့ (တစ်ခြားတစ်နေရာမှာ) ရှောင်နေတာကို မဖြစ်မနေရုံးတက်ရမယ်လို့ အကြောင်းကြားလာတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောဘူး။ ဒီအချိန်မှာ အသက်အာမခံချက်လည်း မရှိဘူး” ဟု ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရေးကိစ္စ၊ ဝန်ထမ်းများ သက်သာချောင်ချိရေး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲ ဖွံ့ဖြိုးရေးလုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်ရေး၊ စာသင်ကျောင်းများ ပညာသင်ကြားနေမှု မပြတ်တောက်ရေး ကဏ္ဍစုံကို ညှိနှိုင်းဆွေးနွေးကြပါတယ်” ဟု နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရေးသားထားသည်။ 

ရခိုင်တွင် စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးမှလွဲ၍ အခြားမြို့နယ်များရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားသည်မှာ မရှိသလောက်နည်းပါးကြောင်း ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။ 

စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံး ပတ်ပတ်လည်တွင် လူသွားလမ်းအချို့ကို ပိတ်ထားပြီး စစ်ကောင်စီက လုံခြုံရေးအပြည့်ချထားသည်။  

လက်ရှိမှာ စစ်တွေမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ပုံမှန်ရုံးတက်နေကြရသော်လည်း အခြားမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ တိုက်ပွဲများကြောင့် လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ လက်ရှိတိုက်ပွဲကာလအတွင်း စစ်တွေ၊ မောင်တော၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စသည့် မြို့အများအပြားမှ ဒေသခံများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ ဖမ်းဆီးခြင်းများကို ခံနေကြရသည်။  

#D004 #DMG 

ဗီဒီယိုများ