မုန်တိုင်းကြောင့် သီးပင်စားပင်များ ပျက်စီးသွားသည့် ရခိုင်တွင် သစ်သီးဈေးမြင့်တက်နေ

သရက်သီး၊ နာနတ်သီး၊ ကြက်မောက်သီး ဈေးနှုန်းများမှာလည်း အလေးချိန်အလိုက် ယခင်ကထက် ငွေကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျပ်ထိ မြင့်တက်သွားကြောင်း သိရသည်။

By Admin 12 Jun 2023

မုန်တိုင်းကြောင့် သီးပင်စားပင်များ ပျက်စီးသွားသည့် ရခိုင်တွင် သစ်သီးဈေးမြင့်တက်နေ

DMG ၊ ဇွန် ၁၂

မုန်တိုင်းကြောင့် ရခိုင်ဒေသထွက် ရာသီပေါ်သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး သစ်သီးများကို ပြည်မမှ တင်သွင်းနေရသဖြင့် သစ်သီးဈေးနှုန်းများ မြင့်တက်နေကြောင်း စစ်တွေမြို့က သစ်သီးအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

ယခင်က ရခိုင်ဒေသထွက် ဒညင်းသီး ဂုန်နီအိတ် တစ်အိတ်ကို ငွေကျပ် ၅၀,၀၀၀ ရှိခဲ့ရာမှ ယခုအခါ ရန်ကုန်မှဒညင်းသီး ဂုန်နီအိတ် တစ်အိတ်ကို ၁၂၀, ၀၀၀ ကျပ်အထိပေးကာ ဝယ်ယူနေရကြောင်း စစ်တွေမြို့မဈေးကြီး၌ ဈေးရောင်းနေသည့် ဒေါ်အေးကျော့က ပြောသည်။

“လေမုန်တိုင်းနဲ့ ရခိုင်ဘက်မှာ အပင်တွေ ဘာမှမကျန်တော့ ရန်ကုန်ဘက်ကနေမှာပြီး ရောင်းနေရတယ်။ ရန်ကုန်ကနေမှာရတော့ သယ်ယူစရိတ်ခတွေနဲ့ ဈေးတွေက သိပ်ကွာသွားတယ်။ ရခိုင်ပြည်ဘက်မှာလည်း မုန်တိုင်းနဲ့ သရက်သီး၊ ဒညင်းသီး ဘာတစ်ခုမှ မကျန်ဘူး။ ကုန်ဈေးကတအားကြီးတော့ ဝယ်ရတဲ့သူတွေမှာလည်း အခက်အခဲရှိတယ်” ဟု ဒေါ်အေးကျော့က ပြောသည်။

သရက်သီး၊ နာနတ်သီး၊ ကြက်မောက်သီး ဈေးနှုန်းများမှာလည်း အလေးချိန်အလိုက် ယခင်ကထက် ငွေကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျပ်ထိ မြင့်တက်သွားကြောင်း သိရသည်။

ရာသီပေါ်သီးနှံများကို ရန်ကုန်၊ မန္တလေး နှင့် တရုတ်နယ်စပ်တို့မှ အဓိကဝယ်ယူနေရသဖြင့် သယ်ယူစရိတ် များပြားခြင်းကြောင့် သစ်သီးဈေးနှုန်း မြင့်တက်သွားသည်။ ထိုသို့ ဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် အဝယ်နည်းသွားသဖြင့် အဆင်မပြေနေရကြောင်း သစ်သီးအရောင်းဆိုင်ရှင်များက ပြောသည်။

“ကိုယ့်ဒေသထွက် သီးနှံတွေဆိုရင် ဈေးတန်တယ်။ နည်းနည်းလေးရင်းပြီး အမြတ်ကိုနည်းနည်းယူရင် ကိုယ့်အတွက် ထမင်းစရိတ်လေးတော့ရတယ်ပေါ့။ အခုဆိုရင်အဆင်မပြေဘူး။ ပြည်မဘက်က မှာရတာဆိုတော့ ကားခတွေနဲ့ဆိုရင် ဈေးကြီးတယ်” ဟု စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့ သစ်သီးအရောင်းဆိုင်ပိုင်ရှင် ဒေါ်အေးခိုင်နုက ပြောသည်။

ယခင်က လိုင်ချီးသီး(စုပ်ဖွားသီး)၊ ကြက်မောက်သီး၊ သရက်သီး၊ နာနတ်သီး စသည့်သီးနှံများ အများဆုံးထွက်ရှိရာ မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသနှင့် ဒညင်းသီး၊ ကွမ်း၊ သံပုရာ အများအပြားထွက်ရာ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတို့တွင် မုန်တိုင်းကြောင့် သီးပင်စားပင်များအားလုံး ပျက်စီးသွားရသည်။

မြောက်ဦးမြို့နယ်၊ လက်ပြတ်ကျေးရွာမှ ဒေါ်ငြိမ်းငြိမ်းက “ကျမတို့မှာ ၁၀ ဧကလောက်ရှိတဲ့ခြံဝင်းက အပင်တွေအကုန်လဲသွားတာ။ ဒညင်းပင်တွေ၊ သံပုရာပင်တွေပါတယ်။ ပျက်စီးသွားတဲ့ခြံမျိုးရဖို့ အနည်းဆုံး ဆယ်နှစ်လောက် စောင့်ရဦးမယ်။ ကျမတို့မှာ ဒီဥယျာဉ်ခြံကို အားကိုးနေရတာ။ အခု ဘယ်လိုရပ်တည်ရမလဲ ဆိုတာတောင် မသိတော့ဘူး” ဟု ပြောသည်။

ပြည်မဘက်ကမှာယူသည့် သစ်သီးများမှာ ခရီးလမ်းကြန့်ကြာမှုနှင့် ရောင်းအားမထွက်ခြင်းတို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပုတ်သိုးပျက်စီးသွားသည့်အတွက် အရောင်းဆိုင်ရှင်များမှာ တွက်ခြေမကိုက်ဖြစ်နေကြသည်။

စစ်တွေမြို့ရှိ သစ်သီးပွဲရုံပိုင်ရှင် ဦးမြတ်ကျော်ခိုင်က “သစ်သီးတွေဈေးတင်ပြီး ရောင်းနေတယ်ဆိုတိုင်း ကျနော်တို့မှာ အမြတ်မရှိဘူး။ အရှုံးနဲ့ရောင်းနေရတာ။ ရာသီဥတုက ပုံမှန်မဟုတ်ဘူး။ ကားလမ်းခရီးကြန့်ကြာလို့ အသီးတွေကမလတ်ဆတ်တော့ ကျနော်တို့မှာ ဈေးလျော့ပြီး ရောင်းနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား စသည့် မြို့နယ်တို့ရှိ သီးပင်စားပင်များ၊ နှစ်ရှည်ခံ သီးပင်စားပင် ဧက ၃,၉၅၄ ကျော် ပျက်စီးသွားကြောင်း မေလ ၂၅ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

#I001 #I010