- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
တိုက်ပွဲများကြောင့် စစ်တွေမြို့ခံများ စိုးရိမ်မှုမြင့်တက်နေ
မြို့ခံများမှာ မြို့ပေါ်တွင်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာမည်ကိုစိုးရိမ်၍ ပြည်မဘက်သို့တိမ်းရှောင်ရန် လေယာဉ်လက်မှန်များ အလုအယက်ဝယ်ယူမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
17 Jan 2025

DMG ၊ ဇန်နဝါရီ ၁၇
စစ်တွေမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အတွဲလိုက်ဒုံးများ ပစ်ခတ်မှုပြုလုပ်ခဲ့သည့်အတွက် စစ်တွေမြို့ခံများမှာ စိုးရိမ်မှုမြင့်တက်နေကြသည်။
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို ဇန်နနဝါရီလ ၁၆ က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ(၂၀)၊ ရွှေမင်းဂံရေတပ်၊ အမှတ်(၁၂) ရဲတပ်ရင်း၊ ဒကစ ဌာ နချုပ်တို့က ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို လက်နက်ကြီးများပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည်။
ထို့အတူ စစ်တွေ ပုဏ္ဏာကျွန်းမြို့နယ် နယ်စပ်တလျှောက်တွင်လည်း နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းကြောင်း မြို့ခံများမှာ မြို့ပေါ်တွင်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာမည်ကိုစိုးရိမ်၍ ပြည်မဘက်သို့တိမ်းရှောင်ရန် လေယာဉ်လက်မှန်များ အလုအယက်ဝယ်ယူမှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မနေ့က ပစ်ခတ်သံတွေက တော်တော်လည်းကိုကြားရတော့ မြို့ခံတွေက တိုက်ပွဲတွေ ပြင်းထန်မှုရှိလာမှာကို စိုးရိမ်နေကြတယ်။ မနေ့က မြို့မဈေးမှာလည်း လက်နက်ကြီး အစတွေ ကျတာကြောင်း ဈေးကိုပိတ်ထားရတယ်။ မြို့တွင်းတိုက်ပွဲဖြစ်လာရင် မြို့ပေါ်မှာ ပိတ်သွားမှာစိုးပြီးတော့ လေယာဉ်လက်မှတ်တွေ ဝယ်ယူနေကြတာတွေ ရှိတယ်။ ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ ရန်ကုန်ဖက်ကို စပြီးရှောင်နေကြပြီ” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယနေ့တွင် စစ်တွေမြို့တွင်းပတ်ပတ်လည်ရှိ စခန်းများ၌ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းထားပြီး ကင်းလှည်မှုများရှိနေကြသည်ဟု မြို့ခံများကပြောသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာနေသည့်အတွက် လေကြောင်းလက်မှတ်များမှာလည်း ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။
လေယာဉ်လက်မှတ်အရောင်းအေဂျင်စီနှင့် နီးစပ်သူတစ်ဦးက “ စစ်တွေ - ရန်ကုန် လေယာဉ်လက်မှတ်တွေကတော့ အခုရက်ပိုင်းမှာ ရောင်းအားမြင့်တက်နေတယ်လို့ပြောရမယ်။ အထူးသဖြင့် စစ်တွေမှာ ပစ်ခတ်မှုတွေကြောင့် ရန်ကုန်ဖက်ကို သွားမယ့်သူတွေ အဝယ်များလာတယ်။ ဈေးနှုန်းကတော့ ပုံမှန်ထက် ၅၀,၀၀၀ ကျပ်နီးပါးလောက် တက်သွားတယ်” ဟု ပြောသည်။
ငွေကြေးမတတ်နိုင်သည့် မြို့ခံအချို့မှာ ပြည်မဘက်သို့မတိမ်းရှောင်နိုင်သည့်အပြင် စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်အတွင်းမှ အခြားဒေသများသို့လည်း တိမ်းရှောင်ရန်ခက်ခဲနေ၍ မြို့တွင်းပိတ်မိနေကြသည်။
“အခုရက်ပိုင်း လူတွေက စိုးရိမ်စိတ်တွေပို မြင်ရတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေက ဘာမှသွားလို့မရတော့ မြို့တွင်းထဲမှာပိတ်မိနေပြီး ဆင်းရဲကျပ်တည်းမှုဒဏ်ကို ပိုပြီးခံစားရမှာပေါ့။ အခုတောင် မြို့ထဲမှာ ငတ်ပြတ်သူတွေ၊ ခိုးဆိုးလုနှိုက်တွေ တအားများလာနေတယ်” ဟု စစ်တွေမြို့တွင်း အခြေအနေသိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့ပြီး လက်ရှိ စစ်တွေတွင် တိုက်ပွဲများရှိနေကာ ကျောက်ဖြူမြို့တွင် နှစ်ဖက်စစ်ရေးတင်းမာမှု ရှိနေကြခြင်းဖြစ်သည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေး၊ တရာဥပဒေစိုးမိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။