- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
- ၅၅ ရက်ကြာ နယ်စပ်စခန်းသိမ်းတိုက်ပွဲနဲ့ AA ရဲ့ ဗျူဟာမြောက်ထိုးစစ်
- အမ်းက စစ်ဘေးရှောင် ၅,၀၀၀ ကျော် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
အကျပ်အတည်းများစွာဖြင့် ရင်ဆိုင်နေရသော ဧရာဝတီရောက် ရခိုင်စစ်ရှောင်များ
ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု လုံးဝမရရှိဘဲ စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်နေကြရပြီး အလုပ်အကိုင်ရှားပါးမှု၊ လုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်ခံရမှုများကိုလည်း ကြုံတွေ့နေရသည်။
09 Dec 2024
DMG ၊ ဒီဇင်ဘာ ၉
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခကြောင့် ဒေသခံသိန်းနှင့်ချီမှာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ထိုအထဲတွင် တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ်တို့မှ ဒေသခံများလည်း ပါဝင်သည်။ AA ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သူများရှိသလို ဧရာဝတီတိုင်းရှိ ပုသိမ်၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ချောင်းသာ၊ သာပေါင်း စသည့်မြို့နယ်များသို့လည်း တိမ်းရှောင်သူ တစ်သိန်းခန့် ရှိနေကြောင်း ခန့်မှန်းပြောဆိုကြသည်။
ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု လုံးဝမရရှိဘဲ စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်နေကြရပြီး အလုပ်အကိုင်ရှားပါးမှု၊ လုပ်ငန်းလုပ်ကိုင်ခွင့် ကန့်သတ်ခံရမှုများကိုလည်း ကြုံတွေ့နေရသည်။
ပုသိမ်တွင် စစ်ရှောင်နေသူများအား စစ်ကောင်စီက ဒီဇင်ဘာလ ပထမပတ်မှစ၍ ငါးဖမ်းခွင့် ပိတ်ပင်လိုက်၍ ရေလုပ်ငန်းလုပ်ကိုင်နေသည့် ရခိုင်စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုများ ရှိနေကြသည်။
ဂွမြို့ခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “စစ်ရှောင်နေတဲ့ ရခိုင်တွေ ငါးဖမ်းတာတွေလည်း ပိတ်ပင်ခံရလို့ အဆင်မပြေကြတော့ဘူး။ ပိတ်ပင်တာကလည်း ရခိုင်တွေကိုပဲ သီးသန့်ပိတ်လိုက်တာ။ သူတို့ နယ်ခံတွေပဲ လုပ်လို့ရတော့တယ် ” ဟု ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် စစ်ဘေးရှောင်များမှာ ရခိုင်ဒေသတွင်း ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ ဖြစ်သည်။
“ဂွ၊ သံတွဲက ရခိုင်တွေဆိုတာ ကိုယ့်နယ်မှာလည်း ငါးပဲဖမ်းကြတာဆိုတော့ ဒီနယ်ရောက်တော့လည်း ရှိစုမဲ့စုလေးထုတ်ရင်းပြီး ကိုယ်အားသာတဲ့ ရေလုပ်ငန်းနဲ့ပဲ အသက်မွေးကြတာ။ အခုလို ပိတ်လိုက်ပြန်တော့ အကျပ်အတည်းဖြစ်နေကြပြီ။ ကူမယ့်သူလည်းမရှိတော့ တစ်ချို့ဆို အလှူခံစားနေရတဲ့ အခြေအနေဖြစ်နေပြီ” ဟု ဂွမြို့ခံ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
ဂွမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ရဟိုင်ကွင်း၊ ကျောက်ကြီး၊ ရဟိုင်းကူးတို့ စသည့် ကျေးရွာများမှ ဒေသခံများမှာ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ရှိ သီတာကုန်းပြင်၊ လက်ပံပင် စသည့် ကျေးရွာများသို့ ဒီဇင်ဘာ ၅ ရက်က တိမ်းရှောင်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝင်ရောက်ခွင့်မပြုကြောင်း သိရသည်။
ငသိုင်းချောင်းမြို့နယ်အတွင်း နေထိုင်သူအမျိုးသားတစ်ဦးက “ အုပ်ချုပ်ရေးမှူးတွေကတော့ AA တွေပါလာရင် ပြဿနာတက်မယ်ဆိုပြီး ဝင်ခွင့်မပြုဘူး။ တစ်ချို့ တတ်နိုင်တဲ့လူတွေကတော့ ရန်ကုန်ဘက်ကို ဆက်ပြီး ရှောင်ကြတယ်။ ဒါပေမဲ့ တစ်ချို့ကျတော့ ဝင်ခွင့်ပြုတဲ့ရွာကိုသွားပြီး ဘုန်းကြီးကျောင်းမှာနေဖို့ အကူအညီသွားတောင်းကြတာလည်းရှိတယ်” ဟု ပြောသည်။
ဂွမြို့နယ်အတွင်း AA ထိုးစစ်မှာလည်း ဂွမြို့နှင့် နီးကပ်လာ၍ ဂွမြို့နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တိုးချဲ့ကာ လုံခြုံရေးတင်းကျပ်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းတို့ကို ပိုမိုလုပ်ဆောင်လာနေသည်။
ရခိုင်ဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် ရောက်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများကို ဧည့်စာရင်း မကြာခဏ စစ်ဆေးခြင်း၊ လူအဝင်အထွက် စစ်ဆေးခြင်းများပြုလုပ်ပြီး ဖမ်းဆီးမှုများလည်းရှိနေ၍ ဧရာဝတီရောက် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လျက် ရှိသည်။
ရခိုင်ရိုးမအစပ် ရေကြည်မြို့နယ်၊ စောပြာရွာတွင် ယာယီစစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၅ ဦးကို နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။
ယင်းအပြင် ဩဂုတ်လအတွင်းကလည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသည့် သံတွဲမြို့နယ်မှ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခဲ့သည်။