ရခိုင်တိုက်ပွဲကာလ ဒဏ်ရာရအရပ်သားတချို့ ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေ

ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းပစ်ခတ်မှု တို့ကြောင့် ဒဏ်ရာရရှိသွားသည့် အရပ်သားပြည်သူတချို့မှာ ဆေးကုသရန် ငွေကြေးအခက်အခဲရှိနေကြသည်။  

By Admin 11 Dec 2023

နိုဝင်ဘာလ ၁၄ ရက်တွင် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်)ရွာမှ ဒဏ်ရာရရှိသွားသူတစ်ဦး။ 
နိုဝင်ဘာလ ၁၄ ရက်တွင် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်)ရွာမှ ဒဏ်ရာရရှိသွားသူတစ်ဦး။ 

ပြီးခဲ့သည့် နိုဝင်ဘာ၂၇ ရက်တွင် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၅) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငရုတ်ခင်းတွင်အလုပ်လုပ်နေသည့် ဝါချီးလာကျေးရွာသား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာပြင်းထန်သောကြောင့် အချိန်ကြာမြင့်စွာ ဆေးကုသရမည်ဖြစ်၍ ဆေးကုသစရိတ်အခက်အခဲရှိနေသည်ဟု မိသားစုဝင်များက ပြောသည်။

“ဒဏ်ရာရတဲ့သူတွေက ဆင်းရဲတဲ့သူတွေပါ။ တစ်နေ့လုပ်မှ တစ်နေ့စားနေရတာ။ မိသားစုမှာ ငွေကြေးအခက်အခဲရှိလို့ အကုန်ဝိုင်းအလှူခံပြီးတော့ ဆေးကုပေးထားပါတယ်” ဟု ဝါချီးလာရွာသားတစ်ဦးက ပြောသည်။ 

လက်နက်ကြီးကျည်စထိမှန်ထားသော မင်းပြားမြို့နယ်၊ ဖေသာပြင်(ရွာဟောင်း)မှ ဦးအောင်သိန်းဖြူ (၅၀ နှစ်) မှာလည်း ဒဏ်ရာမကောင်းသေးသဖြင့် ဆက်လက်ဆေးကုရန် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။ 

နောက်ကျောတွင် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး စတီးရိုးထည့်သွင်းကုသထားရသည်။ လက်ရှိမှာ ဆေးရုံဆင်းပြီ ဖြစ်သော်လည်း စတီးရိုးတပ်ဆင်မှုမှာ အဆင်မပြေသည့်အတွက် ထပ်မံခွဲစိတ်ကုသရမည်ဖြစ်သည်။ 

မြောက်ဦးဆေးရုံတွင် တစ်ပတ်တစ်ကြိမ် ဆေးကုသမှုခံယူနေရပြီး တစ်ကြိမ်လျှင် လမ်းစရိတ်နှင့် ဆေးဝါးစရိတ် ငွေကျပ်သုံးသိန်းခန့် ကုန်ကျသည်ဟု ဇနီးဖြစ်သူ ဒေါ်ဒေါ်ဘုက ပြောသည်။  

“ကျမတို့မှာက တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခုလည်း သူများဆီမှာ စပါးအငှားရိတ်နေတာ။ အခုလိုဖြစ်သွားတော့ ကျမတို့မှာဒုက္ခရောက်ရတယ်။ ဆေးကုတာကတော့ အချိန်ကြာအုံးမယ်ထင်တယ်။ ဆေးခန်းတစ်ခေါက်သွားပြဖို့အတွက်တောင် ဟိုကစုဒီကစုနဲ့ ရသလိုရုန်းကန်နေရတယ်” ဟု သူက ပြောသည်။  

ငွေကြေးအခက်အခဲကြောင့် ဒဏ်ရာကောင်းမွန်သည်အထိ ဆေးရုံတက်ရောက်ကာ မကုသနိုင်၍ အပြင်မှဆေးဆရာများ (ဒေသအခေါ် ရမ်းကုများ)နှင့် ဆေးကုသနေသူများလည်း ရှိသည်။ 

နိုဝင်ဘာလ ၁၄ ရက်တွင် မင်းပြားကျိန်းတောင်တောင်ပေါ်ရှိ စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်)ကျေးရွာမှ ဒေသခံများမှာ ဆေးဝါးစရိတ်မတတ်နိုင်၍ ရမ်းကုများနှင့် ဆေးကုသနေရသည်။ 

“အခုက ဆေးဝါးတွေလည်း ဈေးတက်နေတယ်။ အလုပ်ကလည်း မရှိဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ပိုက်ဆံကလည်း ရှာမရဘူး။ ဆေးရုံမှာနေပြီးကုသဖို့က စရိတ်ကြီးတယ်။ ဒါကြောင့် ဆေးရုံကဆင်းလာတယ်။ ဒဏ်ရာကလည်း မကောင်းသေးဘူး။ ဘယ်အချိန်ထိကုသရမှာလဲမသိဘူး” ဟု ဒဏ်ရာရရှိသွားသူ မနိုရာန်ကိစ် ၏ဖခင် ဦးမာမောက်ဟာဆင်က ပြောသည်။  

DMG က ပြုစုထားသောစာရင်းအရ ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်ထိ စစ်ကောင်စီက လက်နက်ကြီး/ငယ်များ၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၀ ဦး ရှိသည်။

သေဆုံး၊ ဒဏ်ရာရရှိသူအများစုမှာ အခြေခံလက်လုပ်လက်စားများဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် မိသားစုများမှာ လူမှုဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုများ ရှိနေကြသည်။

#D011 #DMG

ဗီဒီယိုများ