ရက္ခိုင့်တပ်တော်(AA)၏ အရာရှိသင်တန်းဆင်းပွဲကို ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်
သင်တန်း အမှတ်စဉ်(၃)ကို သင်တန်းသူ၊ သင်တန်းသား ၃၂၆ ဦးဖြင့် ရခိုင်ပြည်အတွင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့သည်။
03 Jul 2023
DMG ၊ ဇူလိုင် ၃
ရက္ခိုင့်တပ်တော်(AA)၏ အရာရှိလေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကို ရခိုင်ပြည်တွင်း တစ်နေရာတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါသင်တန်း အမှတ်စဉ်(၃)ကို သင်တန်းသူ၊ သင်တန်းသား ၃၂၆ ဦးဖြင့် ရခိုင်ပြည်အတွင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြုအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အနာဂတ် ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး”အတွက် အရာရှိ လေ့ကျင့်ရေးသင်တန်းကို ပြုလုပ်ခဲ့ကြောင်း AA ကဆိုသည်။
အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)တို့ကို ကချင်ပြည်တွင် ပြုလုပ်ခဲ့ပြီး အမှတ်စဉ်(၃)ကို ရခိုင်ပြည်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA)၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁)ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈)ဦးဖြင့် ကချင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါအခြေအနေများကြောင့် မျှော်မှန်းထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ခဲ့ရကြောင်း AA ကဆိုသည်။
အရာရှိသင်တန်း အမှတ်စဉ်(၄)ကိုလည်း ၂၀၂၄ ခု နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။
လူငယ်၊ လူရွယ်များအနေဖြင့် တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ကြောင်းလည်း ရက္ခိုင့်တပ်တော်(AA)က ဖိတ်ခေါ်ထားသည်။
လတ်တလော ရခိုင်ပြည်တွင် AA သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံရေးတို့ကို စစ်ကောင်စီနှင့် အပြိုင် ပြုလုပ်လျက်ရှိနေသည်။
ရက္ခိုင်တပ်တော်(AA)ကို ကချင်ပြည် KIA ဌာနချုပ်၊ လိုင်ဇာတွင် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လူငယ်ရဲဘော် ၂၆ ဦးနှင့် တည်ထောင်ခဲ့ပြီး လက်ရှိတွင် စစ်သည်အားအင် ၃၀,၀၀၀ နှင့် အထက်ရှိနေကြောင်း AA တပ်ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားထားသည်။