ရခိုင်တိုက်ပွဲအရှိန် ပို၍ မြင့်တက်လာ

" နောက်ထပ် စစ်ရေးဖော်ဆောင်ရမယ့်နေရာတွေကလည်း (စစ်ကောင်စီ)အုပ်ချုပ်ရေး အခြေစိုက်တဲ့ မြို့၊ စစ်ဌာနချုပ်တွေရှိတဲ့ နေရာတွေဖြစ်တာကြောင့် တိုက်ပွဲအရှိန်က ပြင်းလာနိုင်တယ်" ဟု ညဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက ပြောသည်။

By Admin 24 Oct 2024

သံတွဲအခြေစိုက် စစ်ကောင်စီ၏‌ ရေတပ်စခန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)
သံတွဲအခြေစိုက် စစ်ကောင်စီ၏‌ ရေတပ်စခန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီး တိုက်ပွဲအရှိန်မှာ ပို၍မြင့်တက်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်မှ ၂၃ ရက်နေ့အထိ နှစ်ပတ်အတွင်း ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု ၉ ကြိမ်ရှိခဲ့ပြီး မောင်တောမြို့နယ်တစ်ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

သို့သော်လည်း စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ထိ နှစ်ပတ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှု ၁၉ ကြိမ်အထိရှိလာပြီး မောင်တောအပြင် အမ်း၊ ဂွ၊ ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ယင်းအထဲတွင် အမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၈ ကြိမ်နှင့် ၁၃ ကြိမ် အကြားရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သည်။

လက်ရှိတွင် မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားနေကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ဩဂုတ်လအစောပိုင်းမှ စတင်ဖြစ်ပွားနေသည့် ဂွမြို့နယ်အတွင်း တိုက်ပွဲများမှာ ဂွမြို့နှင့် ၁၀မိုင်ခန့် အကွာရှိ သဗြုချောင်း၊ ကြွေချိုင်းနှင့် တိုင်ကျိုးကျေးရွာများအနီးအထိ ရောက်ရှိနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

" အေအေရဲ့ ထိုးစစ်ကလည်း ဂွမြို့နဲ့ ပိုပြီးနီးကပ်လာတယ်။ တိုက်ပွဲက နေ့တိုင်းဆိုသလို ရှိနေတယ်။ ပြီးရင် ဒီဂွမြို့နဲ့ ငသိုင်းချောင်းမြို့အကြား နေရာတွေမှာ ဧရာဝတီတိုင်းက စစ်ကောင်စီတပ်သားတွေကို အင်းအား တို့ချဲ့ ချထားတာရှိတယ်" ဟု ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင်လည်း AA ၏ အရှိုန်အဟုန်မြှင့် ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန်ခုခံနေကြောင်း သိရသည်။

အလားတူ နယ်စပ်ဒေသဖြစ်သည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း နခခ (၅) တပ်ရင်းကို AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ခုခံနေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။ 

လက်ရှိတိုက်ပွဲကာလအတွင်း AA သည် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ညဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက " ရခိုင်ပြည်တစ်ခုလုံး လွတ်မြောက်ဖို့ဆိုရင် အစိုးရ(စစ်ကောင်စီ)အခြေစိုက်တဲ့ စစ်တွေတို့၊ အမ်းတို့လိုမျိုး နေရာတွေပဲ ကျန်တော့တယ်လို့ ပြောလို့ရတယ်။ နောက်ထပ် စစ်ရေးဖော်ဆောင်ရမယ့်နေရာတွေကလည်း အုပ်ချုပ်ရေး အခြေစိုက်တဲ့ မြို့၊ စစ်ဌာနချုပ်တွေရှိတဲ့ နေရာတွေဖြစ်တာကြောင့် တိုက်ပွဲအရှိန်က ပြင်းလာနိုင်တယ်" ဟု ပြောသည်။