စစ်ပွဲနောက်ဆက်တွဲ ကလေးသူငယ်များ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိလာ

အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်နေမှုကြောင့် အရွယ်မရောက်သေးသော ကလေးသူငယ်များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြင့် ရှင်သန်နေရကြောင်း  အုပ်ထိန်းသူများက ပြောသည်။ 

By Admin 16 May 2024

ရခိုင်စစ်ရေးကာလ မိသားစုနှင့်အတူ စစ်ဘေးတိမ်းရှောင်နေရသော ကလေးငယ်တစ်ဦး။
ရခိုင်စစ်ရေးကာလ မိသားစုနှင့်အတူ စစ်ဘေးတိမ်းရှောင်နေရသော ကလေးငယ်တစ်ဦး။

DMG ၊ မေ ၁၆ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစပြီး တစ်နေ့မျှမနားဘဲ  တိုက်ပွဲပြင်းထန်နေသည်မှာ ၆ လကျော်ကြာလာပြီဖြစ်သည်။ AA ၏ ပြည်သိမ်းတိုက်ပွဲထိုးစစ်များကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေသည်။ 

တိုက်ပွဲပြင်းထန်မှုနှင့်အတူ အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်နေမှုကြောင့် အရွယ်မရောက်သေးသော ကလေးသူငယ်များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြင့် ရှင်သန်နေရကြောင်း  အုပ်ထိန်းသူများက ပြောသည်။ 

“ကျနော့်သားက အသက် ၅ နှစ်ဆိုတော့ ညဘက်အိပ်တဲ့အခါ အသံတစ်ခု အကျယ်ကြီးကြားရင် မျက်လုံးတွေပြူးပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပြေးဖို့နေရာရှာတယ်။ စစ်ပွဲမဖြစ်ခင်က လေယာဉ်လာရင် သူထွက်ကြည့်တယ်။ အခုဆိုရင် လေယာဉ်သံကို အလိုလိုကြောက်လန့်နေတာ။ ကားသံ၊ ဆိုင်ကယ်သံ အကျယ်ကြီးကြားရင်တောင် လေယာဉ်လာတယ်ထင်ပြီး ကြောက်လန့်နေတယ်” ဟု ကျောက်တော်မြို့မှ ကလေးဖခင်တစ်ဦးက ပြောသည်။ 

မေလ ၁၅ ရက်က ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်တိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခဲ့၍ မွေးကင်းစကလေးအပါအဝင် လူ ၂၀ ကျော် ဒဏ်ရာရရှိသွားပြီး သေဆုံးသူအချို့ ရှိခဲ့သည်။ 

စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် အရပ်သားများနေထိုင်သည့် ကျေးရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲမှုများ မကြာခဏ ပြုလုပ်နေသည်။

“အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ များလာတော့ ကလေးတွေက အရင်ထက် ကြောက်လန့်စိတ်တွေ ပိုဖြစ်နေကြတယ်။ တစ်ခါတစ်လေ အိပ်နေရင်း လေယာဉ်လာတယ်ဆိုပြီး ရုတ်တရက်ထအော်တာမျိုး တွေ့ရတယ်။ ကလေးတွေ စိတ်ပိုင်းဆိုင်ရာ မပျော်ရွှင်တော့တဲ့အခါ ရုပ်ပိုင်းဆိုင်ရာလည်း ကျဆင်းလာပြီ။ ကျန်းမာရေးကအစ ကျလာတယ်ပေါ့” ဟု မြောက်ဦးမြို့နယ်မှ ကလေးမိခင်တစ်ဦးက ပြောသည်။  

စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရန် စတင်သည့်အရွယ်တွင် ယခုကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ကလေးသူငယ်အများစုမှာ စိတ်ဒဏ်ရာခံစားနေရကြောင်း အုပ်ထိန်းသူများက ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ရေးအရအရေးနိမ့်နေသော စစ်ကောင်စီက အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေ၍ ယခုလ ၁၅ ရက်အတွင်းမှာပင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ်များ၌ သေဆုံးသူ ၂၆ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ဦး အထိရှိကြောင်း DMG စာရင်းတွင် ဖော်ပြသည်။ ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၀ ဦးထက်မနည်း ပါဝင်နေသည်ကို တွေ့ရသည်။

လူမှုရေးလှုပ်ရှားသူ ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက “ကလေးတွေ အခုကတည်းက စိတ်ဒဏ်ရာတွေရသွားရင် နောက်ပိုင်း သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ကျဆင်းလာမယ်။ ဒီကာလမှာ ကလေးတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အားလုံးက ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်” ဟု ပြောသည်။ 

DMG စာရင်းအရ ရခိုင်စစ်ပွဲ ၆ လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာသူ ၆၀၀ ကျော်အထိရှိပြီး ယင်းအထဲတွင် ကလေးသူငယ် အများအပြား ပါဝင်နေသည်။

ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏အခွင့်အရေးများကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတွင် “ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ”ကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားသော်လည်း အာဏာသိမ်းစစ်ကောင်စီသည် ကလေး၊ လူကြီး၊ ရန်သူမရွေးဘဲ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။