တစ်ပတ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၀ ကျော် ထိခိုက်သေဆုံး

တစ်ပတ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြုံတွေ့ခဲ့ရသည့် တိုင်းနှင့်ပြည်နယ်များထဲတွင် ရခိုင်က လေကြောင်းပစ်ခတ်ခံရမှု ၇ ကြိမ်ဖြင့် အများဆုံးဖြစ်သည်။ 

By Admin 24 May 2024

မြောက်ဦးမြို့နယ်၊ အထက်လေညင်းတောင်ရွာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦးသေဆုံးပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့သည်။ 
မြောက်ဦးမြို့နယ်၊ အထက်လေညင်းတောင်ရွာကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား (၅) ဦးသေဆုံးပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့သည်။ 

DMG ၊ မေ ၂၄

မြန်မာနိုင်ငံတဝန်းတွင် မေလ ၁၅ ရက်မှ ၂၁ ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးငယ် ၈ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားသည်။ ယင်းအပြင် စစ်ကောင်စီမြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။  

တစ်ပတ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြုံတွေ့ခဲ့ရသည့် တိုင်းနှင့်ပြည်နယ်များထဲတွင် ရခိုင်က လေကြောင်းပစ်ခတ်ခံရမှု ၇ ကြိမ်ဖြင့် အများဆုံးဖြစ်သည်။ စစ်ကောင်စီက ရခိုင်တွင် ၇ ကြိမ်၊ စစ်ကိုင်းတွင် ၅ ကြိမ်၊ ရှမ်းတွင် ၄ ကြိမ်နှင့် ချင်းတွင် ၁ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ 

နိုင်ငံတဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားများနေထိုင်သော မြို့/ရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးအသုံးပြု ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။ 

“စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက်ကျုးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်တယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ယနေ့ မေလ ၂၄ ရက်၊ နံနက်ပိုင်းကလည်း  ရခိုင်ပြည်၊ မြောက်ဦးမြို့ကို စစ်ကောင်စီက လေကြောင်းပစ်ခတ်ခဲ့၍ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့/ရွာများကို လေကြောင်းဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်နေသဖြင့် နေ့စဉ်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသလို ခံစားနေရကြောင်း ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲကို အမြဲပြေးနေရတယ်။ ဟိုနေရာမှာ လေယာဉ်နဲ့ ဗုံးကြဲသွားပြီ၊ ဒီနေရာမှာ ဗုံးချသွားပြီးနဲ့ သတင်းတွေနေ့တိုင်းကြားနေရတော့ လေယာဉ်သံကြားတိုင်း စိုးရိမ်ကြောက်လန့်နေမိတယ်” ဟု သူက ပြောသည်။ 

လူ့အသက်ပေါင်းများစွာကို တစ်နေရာတည်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သည့် လေကြောင်း၊ လက်နက်ကြီးအန္တရာယ်များသည် စစ်မက်ဖြစ်ပွားရာဒေသများတွင် အချိန်၊ နေရာမရွေး ကြုံတွေ့လာနိုင်၍ အဆိုပါအန္တရာယ်များကို ကာကွယ်နိုင်ရန် ဗုံးခိုကျင်း၊ ဗုံးခိုဘန်ကာများ ဆောက်လုပ်ထားရန် အရေးတကြီး လိုအပ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်ထိ လေးလတာအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ၈၁၉ ခုနှင့် အကြိမ်ရေ ၂,၅၆၇ ကြိမ်ရှိခဲ့ပြီး ယင်းအထဲ ရခိုင်တွင် ၄၀၉ ကြိမ်ဖြင့်  လေကြောင်းပစ်ခတ်ခံရမှု အကြိမ်ရေအများဆုံးဖြစ်ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ