- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
မောင်တောမြို့တွင် ပိတ်မိနေသော ရခိုင်နှင့် ဟိန္ဒူလူမျိုး ၇၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
ယနေ့နံနက် ၆ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များသည် မောင်တောမြို့၊ ဝိမလရွာ(ရပ်ကွက် - ၃)သို့ ရောက်ရှိလာပြီး လူ ၇၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးလိုက်သည်။
27 May 2024
DMG ၊ မေ ၂၇
စစ်ရေးပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီပိတ်ဆို့မှုကြောင့် မြို့တွင်းပိတ်မိနေသော ရခိုင်နှင့် ဟိန္ဒူ ဘာသာဝင် လူ ၇၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၆ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များသည် မောင်တောမြို့၊ ဝိမလရွာ(ရပ်ကွက် - ၃)သို့ ရောက်ရှိလာပြီး လူ ၇၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“အိမ်တွေကို မွှေတယ်။ နောက်ပြီးတော့ အိမ်မှာရှိတဲ့ ဟိန္ဒူတွေရော ရခိုင်တွေကိုပါ အကုန်လုံးဖမ်းတယ်။ ရပ်ကွက် - ၃ မှာရှိတဲ့ လူတွေအကုန်လုံးနီးပါးကို ဖမ်းဆီးသွားတာ” ဟု ရပ်ကွက်(၃)သုံးနေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလူများကို ရပ်ကွက်(၃)စာသင်ကျောင်းတွင် ထိန်းသိမ်းထားပြီး မိသားစုနှင့်တွေ့ခွင့်မပေးကြောင်း သိရသည်။ ဖမ်းဆီးခံထားရသူတို့၏ အမည်နှင့် အချက်အလက်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိ မောင်တောမြို့မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်တွင် လူဦးရေ ၂၀၀ ခန့်သာ ကျန်ရှိကြောင်း သိရသည်။
မောင်တောမြို့မှ ရပ်မိရပ်ဖတစ်ဦးက “အခု မောင်တောမှာ ကျန်ခဲ့တဲ့သူတွေက အကုန်လုံးပိတ်မိနေတယ်။ သွားလို့လာလို့ မရတော့ဘူးလို့ သိရတယ်။ မြို့ပေါ်နေရာတွေကို စစ်ကောင်စီကနေရာယူပြီးတော့ ဒေသခံတွေကို ဖမ်းနေတယ်။ ကြာလာရင် လူတွေက အစားအသောက်ပြတ်ပြီးတော့ ဒုက္ခရောက်ကြမှာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း မောင်တောဆေးရုံဝန်ထမ်း ၂ နှစ်ဦးဖြစ်သည့် ကိုရဲမင်းဦးနှင့် ကိုဦးရဲမင်းတို့ကို မောင်တောမြို့လယ်၊ နာရီစင်အနီးတွင် ဖမ်းဆီးသွားကြောင်း သိရသည်။
မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ၏ ကျန်ရှိနေသေးသော မောရဝတီဗျူဟာကုန်း၊ မြို့သူကြီး နခခ(၅) ရဲတပ်ရင်း၊ အလယ်သံကျော်စခန်း၊ အင်းဒင် နခခ(၆)၊ မြင်းလွှတ် နခခ(၉) တို့ကို AA က တစ်ပြိုင်တည်း တိုက်ခိုက်နေသည်။
ရခိုင်ပြည်အတွင်း မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA)သည် ကျန်ရှိနေသေးသည် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။