- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်စမ်းသပ်မှု ဆက်လုပ်မည်
ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက မနက်ဖြန် အောက်တိုဘာ ၂၇ ရက် (နံနက် ၆ နာရီမှ ည ၆ နာရီ) အတွင်း လက်နက်စမ်းသပ်ပစ်ခတ်သွားမည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသိပေးထားကြောင်း သိရသည်။
26 Oct 2023
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်တွင် ယခုလပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်သည် ယခုလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လက်နက်စမ်းသပ်ပစ်ခတ် သွားမည်ဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက မနက်ဖြန် အောက်တိုဘာ ၂၇ ရက် (နံနက် ၆ နာရီမှ ည ၆ နာရီ) အတွင်း လက်နက်စမ်းသပ်ပစ်ခတ်သွားမည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသိပေးထားကြောင်း သိရသည်။
လက်နက်စမ်းသပ်ပစ်ခတ် လေ့ကျင့်မည်ဖြစ်၍ အနီးဝန်းကျင်ရှိ ဒေသခံများအနေဖြင့် တောတောင်သို့မသွားကြရန် အောက်တိုဘာ ၂၅ ရက်တွင် မြို့နယ်ထွေ/အုပ်ရုံးတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူအသိပေးခဲ့သည်။
“လက်နက်ပစ်ခတ်လေ့ကျင်ဖို့ ရှိတဲ့အတွက် ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင်အတွက်ဆိုပြီး အသိပေးထားတာဖြစ်တယ်။ လက်နက်ကြီးလို့ မပြောဘူး၊ လက်နက်ပစ်ခတ်လေ့ကျင့်မယ်လို့ပဲ ပြောတယ်။ ဘာလို့ပစ်မယ်ဆိုတာတော့ မပြောခဲ့ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖေဝင်းက ပြောသည်။
ဒေသခံများအနေဖြင့် စစ်ကောင်စီက လက်နက်ပစ်ခတ်လေ့ကျင့်မည်ဆိုသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။
“အရင်ကလည်း ရွာမှာ လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးကြတာတွေရှိတယ်။ ဒါကြောင့် လက်နက်ပစ်ခတ်မယ်ကြားတော့ တော်တော်လည်း စိုးရိမ်မှုတွေရှိနေကြတယ်။ ဘယ်ကို ပစ်မယ်ဆိုတာ မသိတော့ လူတွေပိုစိုးရိမ်နေကြတယ်။ ကလေးတွေကို တောတောင်တွေကိုမသွားကြဖို့ သတိပေးနေကြရတယ်။” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်းက လက်နက်ကြီးကျရောက်မှုကြောင့် ဒီပါရုံကျေးရွာမှ ဒေသခံ ၂ ဦး သေဆုံးကာ အိုင်ဒင်ကျေးရွာနှင့် ငှက်ကြီးကျွန်းကျေးရွာမှ ဒေသခံတချို့ ဒဏ်ရာရရှိခဲ့ကြသည်။
ရခိုင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် မင်းပြားမြို့နယ် တိုင်းဗဟို(၉) မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့သည်။
အောက်တိုဘာ လဆန်းပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ သရဂူကျေးရွာဘက်ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် နှစ်ဖက်အပစ်အခတ်ရပ်စဲထားသည့် ယခုကာလတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်စေသည့် လုပ်ရပ်များကိုလျော့ချပြီး ယုံကြည်မှုကို တည်ဆောက်သင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။
“လက်ရှိမှာ အပစ်အခတ်ရပ်စဲထားမှုက တစ်ကြောင်း၊ နောက် ပြည်သူတွေကလည်း တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်မှုရှိကြတာကတစ်ကြောင်း ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်စိတ် မြင့်တက်မှုမဖြစ်ရအောင် ဒီကာလမှာ စစ်ရေးလေ့ကျင့်မှုတွေကို တက်နိုင့်သမျှလျော့ချသင့်တယ်။” ဟု ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။
လက်နက်စမ်းသပ်ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၆ ရက်နေ့ မှစ၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
#I006 #DMG