နိုင်ငံတဝန်းတွင် ယခုနှစ်အတွင်း နေအိမ်ပေါင်း နှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံရ 

စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာ၊ မြို့၊ နေအိမ်၊ အဆောက်အဦးများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားသေဆုံးမှုနှင့် နေအိမ်များ မီးလောင်ပျက်စီးမှုများမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်။ 

By Admin 10 Sep 2024

တိုက်ပွဲကာလအတွင်း ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ 
တိုက်ပွဲကာလအတွင်း ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ 

DMG ၊ စက်တင်ဘာ ၁၀ 

နိုင်ငံတဝန်းတွင် ယခုနှစ်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း လွတ်လပ်သည့်သုတေသနအဖွဲ့ Data For Myanmar က ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်၊ ကောလင်း ၊ ကလေး၊ မြင်းခြံနှင့် မုံရွာမြို့နယ်တို့တွင် အိမ်ခြေ ၁,၀၀၀ နှင့် ၅,၀၀၀ ကြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ 

ယခုနှစ်အတွင်း မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် ၃၂၆ ခုအထိရှိခဲ့ပြီး ယင်းအထဲတွင်  ဧပြီနှင့် မေလအတွင်းတွင် ရခိုင်ပြည်၊ ဘူသီးတောင်မြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့မှုကြောင့် နေအိမ်ပေါင်းထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data For Myanmar က ဆိုသည်။ 

၂၀၂၄ ခုနှစ်အတွင်း စစ်ကောာင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကိုင်ခုခံတော်လှန်စစ် အားကောင်းသည့် နယ်မြေများတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များသည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။ 

“စစ်ကောင်စီ စစ်ကြောင်းတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်” ဟု Data For Myanmar က ဆိုသည်။ 

ယခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ၊ ပဲခူး (အနောက်ခြမ်း)၊ တနင်္သာရီ၊ ရခိုင်ပြည်နှင့် ရှမ်းပြည် တောင်ပိုင်းတို့တွင် အရပ်သားနေအိမ်ပေါင်း ၁,၁၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပြည်သူများ၏ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများမှာ ကြီးမားစွာ ထိခိုက် ခံစားခဲ့ရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံများမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။ 

“အိမ်က တိုက်ပွဲကြားမှာ မီးလောင်ပျက်စီးသွားပြီ။ ဒါပေမယ့် ကျနော်တို့ကတော့ ကိုယ့်အိမ်မှာကိုယ် တဲအိမ်လေး ဆောက်ပြီးတော့ဖြစ်ဖြစ်  နေချင်တယ်။ အခုလိုမျိုး စစ်ဘေးရှောင်ပြီးတော့ မနေချင်တော့ဘူး” ဟု ရခိုင်ပြည်၊ ပေါက်တောမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက  ပြောသည်။ 

စစ်ရေးပြင်းထန်ဖြစ်ပွားခဲ့သည့် ပေါက်တောမြို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် နေအိမ်ထောင်နှင့်ချီ မီးလောင်ပျက်စီးသွားခဲ့ရပြီး မြို့ခံများမှာ လုံခြုံရေးကြောင့် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေကြရသည်။ 

“ တိုက်ပွဲကြောင့် နေအိမ်တွေ မီးလောင်ပျက်ဆုံးသွားတဲ့ မိသားစုတွေဟာ လုံခြုံရေးကြောင့် နေရပ်မပြန် နိုင်ကြ သေးဘူး။ စားဝတ်နေရေးကလည်း  အခက်အခဲအတော်ဖြစ်နေကြတယ်။ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေရဲ့ အကူညီတွေက လိုက်မမှီဘူး။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း  ပိုပြီးတော့ ကူညီပေးဖို့ လိုအပ်နေတယ်” ဟု ရခိုင်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှစတင်သည့် အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၁၀၁,၄၆၀ ကျော် မီးရှို့ ပျက်စီးသွားကြောင်း Data For Myanmar စာရင်းအရင်းအရ သိရသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာ၊ မြို့၊ နေအိမ်၊ အဆောက်အဦးများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားသေဆုံးမှုနှင့် နေအိမ်များ မီးလောင်ပျက်စီးမှုများမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်။