- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
ရခိုင်တွင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံထားရသူများကို အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေဆဲ
သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းရွှေ့ဆိုင်းနေသဖြင့် အချိန်ကြန့်ကြာမှုများရှိနေသည်။
15 Jun 2023
DMG ၊ ဇွန် ၁၅
ရခိုင်ပြည်အတွင်းက နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၏ အမှုများတွင် အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများထံမှ သိရသည်။
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော် ဒေသခံ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်းအပါအဝင် သုံးဦးအမှုကို မြို့နယ်တရားရုံးမှ အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ (၇) ကြိမ်အထိ ရှိလာနေပြီဖြစ်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။
“အမှုက ကြန့်ကြာနေတော့ ကျမတို့အတွက် အရမ်းနစ်နာတယ်။ မုန်တိုင်းနဲ့ အိမ်တစ်ဆောင်လုံး ပျက်စီးသွား တယ်။ ယောက်ျားက မရှိတော့ သိပ်အခက်ကြုံရတယ်။ ကလေးတွေလည်း ကျောင်းတက်နေရပြီ။ အဖေ ရှိတာနဲ့ မရှိတာက အရမ်းကွာတယ်။ ဘာကြောင့် အမိန့်မချသေးလဲဆိုတာကို မသိရဘူး” ဟု တရားစွဲခံထားရသည့် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။
ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံသုံးဦးမှာ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း၊ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက်၊ ခေါင်းတုတ်ကျေးရွာမှ ကိုကျော်သန်းမောင်တို့ဖြစ်ကြသည်။ ၎င်းတို့ သုံးဦး အမှုနှင့်ပတ်သက်၍ အမိန့်ချရန် ဇွန်လ ၁၃ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ဇွန်လ ၂၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
ကိုဇော်ဝင်းပါ ကျောက်တော်ဒေသခံသုံးဦးမှာ ၅၀၅ (က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၏ အမှုမှာ တစ်နှစ်ခန့်အထိ ကြာမြင့်လာပြီဖြစ်၍ အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။
တရားရင်ဆိုင်နေရသူများကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည့်အတွက် မိသားစုဝင်များနှင့် တရားစွဲဆိုခံထားရသူများမှာ ငွေကြေးအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေကြသည်။
မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ ဦးသိန်းဇော်၏အမှုတွင် သက်သေအားလုံးစစ်ဆေးပြီးပြီ ဖြစ်သော်လည်း စစ်တွေမြို့နယ်တရားရုံးမှ အမိန့်မချဘဲ ရုံးချိန်း ရွှေ့ဆိုင်းနေသည်မှာ အကြိမ် ၂၀ ထိ ရှိလာနေပြီဖြစ်သည်ဟု မိသားစုဝင်များထံမှ သိရသည်။
“အခုအမှုက တစ်နှစ်ခွဲထိ ကြာနေပြီ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးပေါ့။ အခုထိ အမိန့်မချသေးဘူး။ ကျနော်တို့ဘက်က နစ်နာတယ်ဆိုတာကို ဘယ်လိုပြောပြရမလဲတောင် မသိတော့ဘူး။ လွှတ်ရင်လည်းလွှတ်ပေး၊ အမိန့်ချမယ်ဆိုရင်လည်း ချပေးစေချင်တယ်” ဟု ဦးသိန်းဇော်၏ ညီဖြစ်သူ ကိုလင်းလင်းက ပြောသည်။
ဦးသိန်းဇော်ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ အမှတ် (၈၂၈) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း (စစ်တွေ မြို့)မှ ဗိုလ်ကြီး စစ်မင်းနိုင်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အမှုအချို့တွင်လည်း တရားလိုမရောက်သဖြင့် အမှုကို ရှေ့ဆက်မသွားနိုင်ဘဲ အချိန် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသည့် ၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာမှ အဝေးသင် တက္ကသိုလ်၊ ဒုတိယနှစ်ကျောင်းသား ကိုမောင်ဆန်းဌေး နှင့် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုခင်ဇော်တို့အမှုတွင် တရားလိုမရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၇ ကြိမ်ထိရှိလာပြီ ဖြစ်သည်။
“အခုလိုလုပ်နေတာ ကျမတို့အတွက် အရမ်းနစ်နာတယ်။ ကလေးတွေမှာလည်း ကျောင်းမတက်ရဘူး။ လုပ်ချင်တာတွေ မလုပ်ရဘူး။ မျှော်လင့်နေရတာ စိတ်ပင်ပန်းတယ်။ ဒါကြောင့် အပြစ်ရှိတယ်ဆိုရင် ထောင်ချ။ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးစေချင်တယ်” ဟု ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က ပြောသည်။
အဆိုပါ မောင်တောဒေသခံနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ပက်သက်ဆက်နွယ်မှုရှိသည်ဟု ဆိုကာ ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က တရားစွဲဆိုခြင်းဖြစ်သည်။ လက်ရှိတွင် အမှုနှင့်ပတ်သက်၍ ဇွန်လ ၂၂ ရက် နေ့ကို ထပ်မံ ရုံးချိန်းထားကြောင်း သိရသည်။
DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီး ခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူမှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိသည်။
ယင်းအထဲမှ အချို့အမှုများတွင် သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းရွှေ့ဆိုင်းနေခြင်းများရှိနေပြီး အချို့အမှုများမှာ တရားလိုနှင့်လိုပြသက်သေများ မရောက်ရှိသဖြင့် အချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
#I001