ပြည်သူတွေ နိုင်ငံရေးပါတီတွေကို ယုံလို့ရသေးလား

လွှတ်တော်သို့ရောက်သွားတဲ့ နိုင်ငံရေးသမားတွေကို ပြည်သူတွေ ယုံလို့ရသေးလား မေးခွန်းက အရမ်းအရေးကြီးနေပါပြီ။ ပြည်သူတွေကတော့ အသဲကြားက မဲတပြားကို ပါတီရော၊ လူရော ယုံယုံကြည်ကြည်နဲ့ ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒုံရင်းမှာဒုံရင်းပဲ၊ ဘာမှပြောင်းလဲသွားတာ မရှိသေးဘူး။

02 Jul 2018

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပါတီတွေပေါ်ပေါက်လာပြီး လွှတ်တော်စနစ်နဲ့ သွားခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ပြည်သူတွေရဲ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ဖို့ ရှေ့ဆက်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးစနစ်နဲ့သွားဖို့ ဦးနေဝင်းကကြေညာပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဦးသန်းရွှေက လက်ဆင့်ကမ်း အမွေဆက်ခံပြီး နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်ခဲ့တယ်။ 

စစ်အုပ်ချုပ်ရေးစနစ်နဲ့ အာဏာရှင်တွေရဲ့ တကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနိမ့်ကျပြီး ဆင်းရဲမှုဒဏ်ကို ခါးစည်းခံကာ ငတ်မွတ်ခေါင်းပါးခဲ့ကြတယ်။ ဒါ့ကြောင့် စစ်အုပ်ချုပ်ရေးကို တော်လှန်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတွေလိုလားတဲ့ အစိုးရ၊ ပြည်သူတွေယုံကြည်လို့ တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်စနစ်ကိုသွားဖို့ ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံမှာ အသစ်တဖန် ပြန်လည် အကောင်အထည်ဖော်ခဲ့ကြတယ်။ အခုဆိုရင် ပြည်သူတွေတင်မြှောက်ခဲ့တဲ့ NLD အစိုးရအုပ်ချုပ်နေတာဖြစ်ပြီး လွှတ်တော်စနစ်နဲ့ သွားတာကလည်း (၈) နှစ်တာကာလကို ရောက်ရှိလာခဲ့ပါပြီ။ 

ဒီနေရာမှာ ပြောချင်တာက နိုင်ငံရေးပါတီတွေဟာ စစ်အုပ်ချုပ်ရေးစနစ် ပျက်သုန်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့လွှတ်တော်သို့ ဝင်ရောက်ကာ ပြည်သူတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆောင်ရွက်ဖို့ လာရောက်ခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေရဲ့အကျိုးကို ရှေးရှုဆောင်ရွက်တာထက် ကိုယ်ကျိုးကိုဆောင်ရွက်တာ ပိုများနေတာကြောင့် ပြည်သူတွေက နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို  ယုံလို့ရသေးလားဆိုတာပါပဲ။ 

ရခိုင်ပြည်နယ်ကို အခြေခံပြီး ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပြည်သူတွေ မျှော်လင့်ထားသလောက် ဖြစ်မလာဘူး။ ရခိုင်ပြည်သူတွေမှာ အဖက်ဖက်က ချွတ်ယွင်းပြီး မကျန်းမာတဲ့ လူနာတစ်ဦးလိုပါပဲ။ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှု၊ လယ်ယာစိုက်ပျိုးရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ အချက်တွေကို ကုစားဖို့ ဆရာဝန်တစ်ဦးလို အားကိုးပြီး လွှတ်တော်သို့ ပို့ခဲ့ကြတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးဘူး။ တချို့ကိုယ်စားလှယ်တွေက လူအများစိတ်ဝင်စားနေတဲ့ ဘင်္ဂါလီကိစ္စအဆိုတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ တချို့ကိုယ်စားလှယ်တွေက ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ်ရေးလုပ်ဖို့၊ စီးပွားရေးလုပ်ဖို့ အလုပ်များနေကြတယ်။ တချို့ကိုယ်စားလှယ်တွေဆိုရင် အခုထိ ရခိုင်ပြည်နယ် လွှတ်တော်မှာ မေးခွန်းတစ်ခုမှ မေးမြန်းမှု မရှိသေးတာကို တွေ့နေရတယ်။ 

ရခိုင်ပြည်နယ်ပညာရေးက တိုင်းနဲ့ပြည်နယ်မှာ အောက်ဆုံးရောက်နေတာကို ဘယ်လိုဆောင်ရွက်မလဲ ဆွေးနွေးချက်တွေ ရခိုင်ပြည်နယ်လွှတ်တော်မှာ မတွေ့ရသေးဘူး။ စီးပွားရေးလုပ်ငန်းတွေ မဖွံ့ဖြိုးလို့ အလုပ်အကိုင်အခွင့်အလမ်း နည်းတာကြောင့် ပြည်ပသို့ လူငယ်များစွာ ထွက်ခွာနေရတာ၊ လူ့စွမ်းအား အရင်းအမြစ်တွေကို ဘယ်လိုစီမံမလဲ စတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက စိတ်မဝင်စားကြတာလား။ ပြည်သူတွေရဲ့ အကျိုးကိုဖြစ်ထွန်းစေမယ့် ပြည်နယ်လွှတ်တော်က ရေးဆွဲလို့ရတဲ့ ဥပဒေတွေကို မရေးဆွဲကြသေးဘူး။ 

အလားတူပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာလည်း စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု ညံ့ဖျင်းတယ်လို့ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ထားတယ်။ တကယ်လည်း ညံ့တယ်လို့ ဆိုရမယ်။ အစိုးရအဖွဲ့အတွင်း ဝန်ကြီးတချို့က တင်ဒါခေါ်ယူတဲ့အခါမှာ လာဘ်စားမှုမြောက်တဲ့ ငွေအပေးအယူတွေ၊ အနီးဆုံးဆွေမျိုးတွေက တင်ဒါအောင်တာတွေနဲ့ ပြည်နယ်ဘတ်ဂျက်စီမံခန့်ခွဲတာမှာ လိုအပ်ချက်တွေကို မဆောင်ရွက်နိုင်သေးဘူး။ 

လွှတ်တော်သို့ရောက်သွားတဲ့ နိုင်ငံရေးသမားတွေကို ပြည်သူတွေ ယုံလို့ရသေးလား မေးခွန်းက အရမ်းအရေးကြီးနေပါပြီ။ ပြည်သူတွေကတော့ အသဲကြားက မဲတပြားကို ပါတီရော၊ လူရော ယုံယုံကြည်ကြည်နဲ့ ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒုံရင်းမှာဒုံရင်းပဲ၊ ဘာမှပြောင်းလဲသွားတာ မရှိသေးဘူး။ ဒါ့ကြောင့် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေကို မရိုက်ချိုးပစ်ဘဲ လုပ်နိုင်ပါတယ်ဆိုတဲ့ စွမ်းအားတွေ၊ သတ္တိတွေကို ထုတ်ဖော်သင့်ပြီလို့ ကျွန်ုပ်တို့ Development Media Group (DMG)က တိုက်တွန်းလိုက်ရပါတယ်။

Editorial>>> ISSUE 88, JULY 1, 2018, DEVELOPMENT NEWS JOURNAL