မောင်တောနယ်စပ် အဖြေက အာရက္ခပြည်သူ့အစိုးရဆီမှာ

ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ အာရက္ခတပ်တော် (AA) ကို အစိုးရမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ပြောကြားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ အာရက္ခပြည်သူ့အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ နှစ်ဖက်ဆွေးနွေးအဖြေရှာရမယ့် ကိစ္စရပ်တွေအပေါ် သက်ရောက်မှုရှိလာမှာကို စိုးရိမ်ရပါတယ်။

By Admin 24 Dec 2024

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြေတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

အယ်ဒီတာ့အာဘော် | DMG

ဒီဇင်ဘာရဲ့ ဆောင်းနဲ့အတူ ရခိုင်ပြည် မောင်တောဒေသက စစ်ကောင်စီရဲ့ အခိုင်မာဆုံးတည်ဆောက်ထားတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းဟာ အာရက္ခတပ်တော် (AA) လက်ထဲကို ကျရောက်သွားခဲ့ပါပြီ။

စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ခွဲအများဆုံးတည်ရှိပြီး စစ်တပ်နယ်မြေလို့တောင် ခေါ်ဝေါ်ကြတဲ့ ရခိုင်ပြည်အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ကိုလည်း အခုနှစ် ဒီဇင်ဘာလထဲမှာ AA က သိမ်းပိုက်ခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ တကျော့ပြန်စစ်ဆင်ရေး တစ်နှစ်ကျော်ကာလအတွင်းမှာ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်နဲ့ ရခိုင်ပြည်အတွင်းက မြို့နယ်ပေါင်း ၁၃ မြို့နယ်အထိ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ လက်ရှိ ထိုးစစ်ဆင်နေတဲ့ ဂွမြို့နယ် ဟာလည်း မကြာမီ AA လက်ထဲကျရောက်တော့မယ်လို့ သုံးသပ်နေကြပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့အစိုးရအနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စည်ပင်လုပ်ငန်း၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ သဘာဝ ဘေးအန္တရာယ်တုန့်ပြန်ရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ အာရက္ခတပ်တော် (AA) ကို အစိုးရမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ပြောကြားခဲ့ပါတယ်။

ဒီပြောဆိုချက်ဟာ အာရက္ခပြည်သူ့အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ နှစ်ဖက်ဆွေးနွေးအဖြေရှာရမယ့် ကိစ္စရပ်တွေအပေါ် သက်ရောက်မှုရှိလာမှာကို စိုးရိမ်ရပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်အတွင်းက တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာဟာလည်း လက်တွေ့မှာ ဖြစ်နိုင်ခြေ မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တရားဝင်ကုန်သွယ်ရေး သဘောတူထားတဲ့ ကုန်စည်တွေကို မောင်တောက တင်ပို့နိုင်တာမရှိတော့တဲ့အတွက် စစ်တွေနဲ့ ရန်ကုန်ဆိပ်ကမ်းကနေ တင်ပို့ဖို့စီစဉ်နေရပါပြီ။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်ဟာ နယ်စပ်ချင်းထိစပ်တဲ့အလျှောက် နယ်စပ်ကုန်သွယ်ရေးဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သွင်းကုန်တန်ချိန် နှစ်သိန်းနီးပါးရှိခဲ့ပြီး အပြန်အလှန် အားဖြင့် ဘင်္ဂလားဒေ့ရှ်က ကုန်တင်ပို့မှုဟာ တန်ချိန် ၃၅၀၀ ခန့်ရှိခဲ့တယ်လို့ ဒါကာထရီဗျူးန် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

AA ရဲ့ အခွန်ပြေစာနဲ့ မောင်တောကတင်ပို့တဲ့ ဆန်အိတ် ၄၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ် တက္ကနာဆိပ်ကမ်းကို ဒီဇင်ဘာ ၁၇ ရက်က ရောက်ရှိသွားတာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်မှုကို ဆက်လုပ်ချင်တဲ့ ရခိုင်ပြည်သူတွေ လိုလားချက်လည်း ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ရခိုင်ပြည် နယ်စပ်မှာဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေးနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ လိုလားချက်တွေဟာ စစ်ကောင်စီက မတတ်နိုင်တော့ဘဲ အာရက္ခပြည်သူ့အစိုးရနဲ့ ဆွေးနွေးအဖြေရှာမှပဲ ရရှိနိုင်တော့မယ် ဆိုတာကို တိုက်တွန်းရေးသားလိုက်ပါတယ်။