သမဂ္ဂများ ပေါ်ပေါက်လာခြင်းနှင့် ကျောင်းသားလူငယ်များ၏ အနာဂတ်
မြန်မာနိုင်ငံတွင် ကျောင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ကိုလိုနီခေတ်ကပင် ကျောင်းသားသမဂ္ဂများ ထူထောင်ပြီး တောင်းဆိုခဲ့ကြသည်။ လက်ရှိအချိန်ထိလည်း ဆက်လက်တောင်းဆို တိုက်ပွဲဝင်နေကြရဆဲဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်သူအဆက်ဆက်က ပညာရေးကဏ္ဍကို အလေးမထားခဲ့ကြဘဲ လစ်လျူရှုခဲ့ကြသည်။
10 Feb 2023
DMG (အယ်ဒီတာ့အာဘော်)
ကျောင်းသားလူငယ်ဆိုသည်မှာ အနာဂတ်၏ နိုင်ငံ့ခေါင်းဆောင်များဖြစ်သည်။ “ပညာသမ္မာ အာဘာနတ္ထိ”ဆိုသည့် စကားနှင့်အညီ ပညာထက် တန်ဖိုးရှိသည့်အရာဟူ၍ မရှိပေ။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရခြင်းမှာလည်း ပညာရေးနိမ့်ကျမှုနှင့် များစွာသက်ဆိုင်နေပေသည်။
ခေတ်မီဖွံ့ဖြိုးသော နိုင်ငံများကိုကြည့်လျှင် ပညာရေးကို အထူးလိုက်စားပြီး စနစ်တကျဖြင့် သင်ကြားပို့ချပေးသော ပညာရေးစနစ်များကို တွေ့ရသည်။ ပညာရေးကဏ္ဍအတွက် အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ပေးမှုများကိုလည်း တွေ့ရလေ့ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ပညာရေးအတွက် သုံးစွဲသည့် အသုံးစရိတ်(ဘတ်ဂျက်)မှာ တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းအောက်သာ သုံးစွဲလျှက်ရှိနေသည်ကို တွေ့ရသည်။ ၂၀၁၇-၂၀၁၈ မတိုင်မီကဆိုလျှင် ၅ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ သုံးစွဲခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို ကြည့်လိုက်လျှင် ၎င်းတို့နိုင်ငံ၏ အသုံးစရိတ်ထဲက ၂၀ ရာခိုင်နှုန်းနှင့်အထက်ကို ပညာရေးကဏ္ဍတွင် သုံးစွဲနေကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ကိုလိုနီခေတ်ကပင် ကျောင်းသားသမဂ္ဂများ ထူထောင်ပြီး တောင်းဆိုခဲ့ကြသည်။ လက်ရှိအချိန်ထိလည်း ဆက်လက်တောင်းဆို တိုက်ပွဲဝင်နေကြရဆဲဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်သူအဆက်ဆက်က ပညာရေးကဏ္ဍကို အလေးမထားခဲ့ကြဘဲ လစ်လျူရှုခဲ့ကြသည်။
လက်ရှိမှာ ကျောင်းဆရာ/မတစ်ဦး၏ လစာဝင်ငွေသည် နေ့စားအလုပ်သမားတစ်ဦး၏ လစာမျှပင် မရရှိကြဘဲ မလောက်ငှသည့် လစာဝင်ငွေနှင့် ရပ်တည်နေကြရသည်။ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် စာတန်းကြီးကို ကျောင်းရှေ့မှာ ချိတ်ဆွဲထားရုံဖြင့် ပညာရေးစနစ်သည် တိုးတက်လာမည် မဟုတ်ပေ။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပင်လျှင် ပညာရေးဝန်ထမ်းများ၏ လစာဝင်ငွေကို ထိုက်ထိုက်တန်တန် ပေးထားသည်ကို တွေ့ရသည်။
ယခုနောက်ပိုင်းတွင် ကျောင်းသားလူငယ်များက တက္ကသိုလ်ကျောင်းသားသမဂ္ဂများအပြင် အခြေခံပညာ ကျောင်းသားသမဂ္ဂများကိုပါ ဖွဲ့စည်းလာကြသည်။ သို့သော်လည်း ကျောင်းသားလူငယ်များ၏ ငယ်ရွယ်နုပျိုမှုနှင့် ဆင်ခြင်တုံတရား၊ ဂါရဝတရား အားနည်းမှုအချို့ကြောင့် အခြေခံပညာ ကျောင်းသားလူငယ်များနှင့် ဆရာ/မတို့ကြား နားလည်မှု လွဲမှားခြင်းတချို့ ဖြစ်ပွားလျှက်ရှိနေသည်ကို တွေ့နေရသည်။
“ဆရာ”ဟူသည် အနန္တော၊ အနန္တ ငါးပါးဝင် ကျေးဇူးရှင်ဖြစ်သည့်အတွက် မိဘနှင့် တစ်ဂိုဏ်းတည်း ထားရမည့်သူများ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသားနှင့်ဆရာကြားတွင် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှုများကို တည်ဆောက်ရန် လိုအပ်ပေလိမ့်မည်။
အခြေခံပညာကျောင်းသားသမဂ္ဂများ ပေါ်ပေါက်လာခြင်းမှာ ကျောင်းသားလူငယ်များအတွက် ပညာရေး အခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည်ဖြစ်သော်လည်း တစ်ဖက်တွင်လည်း နိုင်ငံရေးကစားသူများ၏ လှည့်ကွက်များအတွင်း ကျဆင်မသွားစေရန် မိဘ၊ ဆရာများနှင့် စီနီယာသမဂ္ဂများမှ ထိန်းကျောင်းတည့်မတ်ပေးရန် လိုအပ်ပေလိမ့်မည်။
ခေတ်သစ်ပညာရေးစနစ်တွင် အတန်းတင်စာမေးပွဲများကို ထည့်သွင်းမထားသည့်အတွက် ကျောင်းသား/သူတိုင်းက တစ်နှစ်ကို တစ်တန်းကျစီဖြင့် ပုံမှန်အောင်မြင်နေမည့် အခြေအနေဖြစ်နေသောကြောင့် ကျောင်းစာကြိုးစားမှုဖက်တွင်လည်း အားနည်းသွားမည်ကို စိုးရိမ်နေရသည်။
လက်ရှိပညာရေးစနစ်အရ အထက်တန်းပညာရပ် ပြီးဆုံးသွားသည့်တိုင် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို ထပ်မံဖြေဆိုအောင်မြင်ပြီးမှသာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည့်အတွက်ကြောင့် ကျောင်းသားလူငယ်များအနေဖြင့် အခြေခံပညာ အဆင့်ကတည်းက ကြိုးစားအားထုတ်ထားကြရန် လိုအပ်ပေလိမ့်မည်။
ဆရာ/မများအနေဖြင့်လည်း ခေတ်သစ်သင်ရိုးညွှန်းတမ်းများကို စနစ်တကျလေ့လာပြီး သင်ကြားပို့ချနိုင်ရန် ကြိုးစားအားထုတ်ဖို့လည်း လိုအပ်နေဆဲဖြစ်သည်ကို တွေ့ရသည်။
ကျောင်းသားသမဂ္ဂများသည် နိုင်ငံရေး၊ ပညာရေးတို့နှင့် ဆက်နွယ်ပြီး ပေါ်ပေါက်လာသော အဖွဲ့အစည်းများ ဖြစ်သော်လည်း အခြေခံကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ်များသည် အသက်အရွယ်အားဖြင့် ငယ်ရွယ်သူများသာ ဖြစ်သည့်အတွက် နိုင်ငံရေးအတွက် အသုံးချရန် ကြိုးစားလာသူများသည်လည်း မျိုးဆက်သစ် လူငယ်များကို ဖျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ပညာရေးစနစ်ကို ပြောင်းလဲလိုက်ခြင်းမှာ ကောင်းမွန်သော ရည်ရွယ်ချက်ဟု လက်ခံယုံကြည်နိုင်သော်လည်း စီမံအုပ်ချုပ်နေသူများအနေဖြင့် မိမိတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးအခြေအနေများကို စေ့စပ်သေချာစွာ သုံးသပ်ဖို့ လိုအပ်နေသေးသည်ကိုလည်း တွေ့ရသည်။
တိုင်းပြည်တစ်ခု၏ အနာဂတ်ဖွံ့ဖြိုးမှုအတွက် ပညာရေးသည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်သည်။ ထို့အတူ စာသင်ကျောင်းများသည်လည်း ပညာရှင်အများစုကို မွေးထုတ်ပေးနိုင်သော နေရာဌာနဖြစ်သည်နှင့်အညီ “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူတစ်ယောက်ချင်းစီ၏ ဘဝရပ်တည်ရေးအတွက် ပညာရေးဝမ်းစာကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သည်။
ကျောင်းသားလူငယ်များ၏ ပညာသင်ကြားမှုကို အနှောင့်အယှက်ဖြစ်စေသာ အရာဟူသမျှသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ချောက်ထဲသို့ ဆွဲချနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
လက်ရှိအခြေအနေတွင် အခြေခံပညာကျောင်းသားသမဂ္ဂများ ပေါ်ပေါက်လာခြင်းနှင့်အတူ ကောင်းမွန်သော ပညာရေးစနစ်တစ်ခုဆီသို့ ဦးတည်နေသည်ဖြစ်ရာ ဆရာ/မနှင့် ကျောင်းသားလူငယ်တို့ကြားတွင် နားလည်မှု တစ်စုံတရာ လွဲမှားခြင်းများရှိနေသည်ဆိုပါကလည်း ဦးဆောင်ဖွဲ့စည်းခဲ့သည့် စီနီယာသမဂ္ဂများအနေဖြင့် သင့်တော်ဆုံးနည်းလမ်းများကို လမ်းညွှန်ပေးရန်လိုအပ်သည်ဟု DMG က တိုက်တွန်းလိုက်ရပါသည်။