မီးဖို‌‌ချောင်ထဲက အိမ်ရှင်မများ၏ ဗျာပါဒ 

စစ်ရေးကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာလည်း ရပ်နားထားရ၍ အလုပ်လက်မဲ့ပိုများလာနေသည်။ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေရရှိမှုနည်းပါးသဖြင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြသည့် အိမ်ထောင်ဦးစီး များ၏ တစ်နေ့တာဝင်ငွေမှာလည်း မိသားစုဝမ်းရေးဖူလုံဖို့အရေး စိန်ခေါ်မှုများဖြစ်လာသည်။ 

By Admin 21 Dec 2024

မီးဖို‌‌ချောင်ထဲက အိမ်ရှင်မများ၏ ဗျာပါဒ 

မေကြီးသျှင် - ရေးသားသည်။ 

နေမင်းကြီးက ဦးခေါင်းပေါ်ဖြတ်ကျော်သွားခဲ့ပြီဖြစ်၍ အသက် (၅၀) အရွယ် ဒေါ်တင်ဦးတစ်ယောက် ညနေစာ ချက်ပြုတ်စားသောက်ရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ရင်း မီးဖိုချောင်းထဲ၌ တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ 

ထိုအရာက သူ၏ နိစ္စဓူဝအလုပ်တစ်ခုလည်း ဖြစ်သည်။ ယခင်က မီးဖိုချောင်ကိစ္စသည် လယ်ကူသောအရာဖြစ်ခဲ့ သော်လည်း ယနေ့အချိန်ကာလတွင် စိတ်ရှုပ်စရာ၊ ခေါင်းခဲစရာများနှင့်ပြည့်နှက်နေသည်။ 

အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ခေါင်ခိုက်အောင် မြင့်တက်နေသော ကုန်ဈေးနှုန်းများကြားမှာ မီးဖိုချောင် တာဝန်ကို ယူထားရသည့် အိမ်ရှင်မများအတွက် စိန်ခေါ်မှု များပြားလှပေသည်။

ယနေ့တွင်လည်း အသားငါးမပါဘဲ ဟင်းနှစ်မည်နှင့် မိသားစုညနေစာ ထမင်းတစ်နပ် အဆင်ပြေပြေပြီးဆုံးရန် ဒေါ်မတင်ဦးတစ်ယောက် စီစဉ်ရတော့မည်ဖြစ်သည်။ 

“သူများဝယ်မစားတဲ့ ငါးပေါက်စလေးတွေ ဈေးပေါပေါနဲ့ ရတဲ့ဟာတွေပေါ့။ နှစ်ထောင်၊ သုံးထောင်လောက်နဲ့ ဝယ်လို့ရတဲ့ဟာ ၄၀ သားလောက်ဝယ်ပြီး မနက်တစ်နပ် ညနေ တစ်နပ် ချွေတာပြီး စားတယ်။ ငါးပိ၊ ဆား၊ ဟင်းချိုမှုန့် ဒါတွေကို ငါးရာဖိုး ဝယ်လို့ရတာကို ဝယ်တယ်။ အဲဒီလို တစ်ရက်စာအတွက် ချွေတာရတာပေါ့” ဟု ဒေါ်မတင်ဦးက ပြောသည်။  

ဒေါ်မတင်ဦးမှာ ခင်ပွန်းဖြစ်သူ၊ သားသမီး ၈ ဦးနှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာတွင် နေထိုင် သည်။ ဒေါ်မတင်ဦး၏ ခင်ပွန်းမှာ အလုပ်ဆိုသည်မှာလည်း မယ်မယ်ရရမရှိပေ။ သားကြီးဖြစ်သူနှင့်အတူ ထင်းခုတ်၊ စပါးအငှားရိတ်စသည့် ကြုံရာကျပန်းလုပ်ကိုင်ပြီး ရုန်းကန်နေခြင်းဖြစ်သည်။  

သားဖနှစ်ဦးပေါင်း တစ်နေ့တာရရှိသော ဝင်ငွေတစ်သောင်းခွဲခန့်နှင့် မိသားစု ၁၀ ဦး တစ်နေ့တာဖူဖူလုံလုံစား သောက်နိုင်ရန် ဒေါ်မတင်ဦးက ခက်ခက်ခဲခဲ စီမံပေးနေရသည်။ 

ထိုကြားထဲ ကျောင်းနေအရွယ်သားသမီးများအတွက် ကျန်းမာရေး၊ ကျောင်းစရိတ်၊ စာအုပ်၊ ဘောပင်စသည့် အစစ အရာရာအတွက်လည်း ချန်လှပ်စုဆောင်းထားရသေးသည်။  

ဒေါ်မတင်ဦးတို့ မိသားစုကဲ့သို့ လူဦးရေလည်းများ၊ ဝင်ငွေကလည်းအလွန်းနည်းပါးသဖြင့် စားဝတ်နေရေးကိစ္စအ တွက် နေ့တိုင်းတွေးပူနေရသည်ဟုဆိုသည်။ သူကိုယ်တိုင် အပြင်ထွက်ပြီး အလုပ်လုပ်ရန်စိတ်ဆန္ဒရှိသော်လည်း မိသားစုအားလုံး၏ အိမ်မှုကိစ္စအဝဝကို နောက်ကွယ် တာဝန်ယူဖြေရှင်းပေးနေရ၍ ခက်ခဲနေသည်။

ယင်းကြောင့်လည်း ရရှိသောဝင်ငွေဖြင့်သာ တစ်နေ့တာစားရေးသောက်ရေး ပြေလေအောင်ဖြေရှင်းနေရသော ဒေါ်မတင်ဦးတစ်ယောက်အတွက် မလွယ်ကူလှပေ။  

“ဒီနေ့က မုန်လာဉရွက်ကို ချဉ်နဲ့ချက်ထားတာနဲ့ ကတက်ဉခြောက်သုပ်နဲ့ ထမင်းစားရမှာ။ ဈေးဝယ်ထွက်ဖို့ ပိုက်ဆံမရှိလို့ ဒါနဲ့ပဲ စားမှာ” ဟု ဒေါ်မတင်ဦးက ချက်ပြုတ်ထားသော ဟင်းအိုးအဖုံးကိုဖွင့်ကာ ပြောလိုက်သည်။  

ငွေကြေးကျပ်တည်းသော နေ့များမှာဆိုလျှင် ကြက်ဥတစ်လုံးကို သားသမီးသုံးယောက်စီ ခွဲဝေပြီး စားသောက် ကြရသည်။ 

လူဦးရေများပြီး ဝင်ငွေနည်းသည့် သူတို့မိသားစုသည် အသားငါးပါသော ထမင်းတစ်နပ်ကို မြိန်ရေရှက်ရေ မစား သောက်ရသည်မှာ ၆ လခန့်ကြာခဲ့ပြီအကြောင်း ဒေါ်မတင်ဦးက ပြောပြသည်။ 

“ကုန်ဈေးနှုန်းခက်တာက တစ်မျိုး။ ငွေကြေးက မလုံလောက်။ အိမ်က ထွက်ပြေးချင်တယ်။ သားသမီးတွေက လည်း မုန့်ဖိုးတောင်းကြနဲ့ တစ်ခါတစ်လေ သေချင်စိတ်တွေ ဖြစ်တယ်” ဟု ဒေါ်မတင်ဦးက ညီးညူစွာပြောလိုက် သည်။  

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီ၏ ဖြတ်လေးဖြတ် ကန့်သတ်ပိတ်ဆို့ခံထားရသော ရခိုင်ဒေသမှာ ကုန်စည်ပြတ်လပ်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်း ကိုးဆခန့်မြင့်တက်နေ၍ ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ခါးစည်းစွာရင်ဆိုင်နေကြရသည်။ 

ထိုဒဏ်များက မီးဖိုချောင်တာဝန်ကို ထမ်းဆောင်နေကြရသည့် အမျိုးသမီးများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သက်ရောက်ဖိစီးနေသည်။

စစ်ရေးကာလ ကုန်ဈေးနှုန်း မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုအပြင် ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ခက်ခဲမှု များက မီးဖိုချောင်နှင့် ဝင်ငွေစီမံခန့်ခွဲသူ အမျိုးသမီးများအပေါ် သက်ရောက်မှုမြင့်မားနေသည်ဟု မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)၏ ဒီဇင်ဘာ ၃ ရက်ထုတ် အစီရင်ခံစာ ကဖော်ပြသည်။

 “ခင်ပွန်းရဲ့ လုပ်အားမရှိတော့ ကိုယ့်လုပ်အားတစ်ခုတည်းနဲ့ ပိုက်ဆံက ငါးထောင်လောက်ပဲ ဝင်တယ်။ အဲဒါကို ကုန်အောင် မသုံးနိုင်ဘူး။ ကိုယ်တစ်ယောက်တည်း ပင်ပင်ပန်းပန်းလုပ်နေရတာဆိုတော့ ငါးထောင်က သုံးထောင်လောက်ပဲ မီးဖိုချောင်အတွက် သုံးပြီး ကျန်တဲ့ နှစ်ထောင်ကို တခြားကဏ္ဍအတွက် သုံးဖို့ ဖယ်ထား ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာကျေးရွာမှ ဒေါ်ရွှေယဉ်က ဖွင့်ဟလာသည်။ 

နဂိုကပင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုနှင့်အတူ ဆင်းရဲမွဲတေမှုသံသရာထဲမှာ ငုတ်တစ်ခါ ပေါ်တစ်လှည့် ဖြတ်ကျော်နေကြသည့် ရခိုင်ပြည်တွင် တိုက်ပွဲများကြား တဖန်ထိခိုက်မှုများ ဖြစ်ပေါ်နေကြရသည်။ 

စစ်ရေးကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာလည်း ရပ်နားထားရ၍ အလုပ်လက်မဲ့ပိုများလာနေသည်။ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေရရှိမှုနည်းပါးသဖြင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေကြသည့် အိမ်ထောင်ဦးစီး များ၏ တစ်နေ့တာဝင်ငွေမှာလည်း မိသားစုဝမ်းရေးဖူလုံဖို့အရေး စိန်ခေါ်မှုများဖြစ်လာသည်။ 

“အလုပ်အကိုင် အဆင်မပြေရင် သားသမီးတွေလည်း စားသောက်ရေးအဆင်မပြေဘူး။ အဲဒီတော့ မိဘအနေနဲ့ စိတ်မကောင်းဖြစ်ရတာပေါ့။ သားသမီးတွေ စားသောက်ရေးအဆင်ပြေမှ မိဘက စိတ်ချမ်းသာတာလေ။ ကိုယ်မစားရပေမယ့် သားသမီးတွေ စားသောက်ရေးအဆင်ပြေရင် ဝမ်းသာတယ်။ အလုပ်လုပ်ပေမယ့် ဝင်ငွေက မကောင်းဘူးလေ။ တစ်နေ့လုပ်မှ အများဆုံးရရင် ပိုက်ဆံ ငါးထောင်လောက်ပဲ။ ဒါတောင်မှ အလုပ်မလုပ်ရတဲ့နေ့ ပိုများတယ်” ဟု ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာမှ ဦးဦးစံမောင်က ပြောသည်။  

အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် အခြေခံလူတန်းစားများမှာ ဝင်ငွေရှိမှုနည်း ပါးသည့်အတွက် စားရေးသောက်ရေးဖူလုံရေး အချို့မှာ အသားငါးများကို လျှော့စားနေကြရသည့်အပြင် အလေ့ကျ ပေါက်ပင်များကို ဟင်းအဖြစ်ချက်ပြုတ်စားသောက်နေကြရသည်ဟု ISP Myanmar)၏ သုတေသနပြုချက်အရ သိရသည်။ 

စားရေးသောက်ရေးပြေလည်ရန်အတွက် ရရာနည်းလမ်းများနှင့် ဖြေရှင်ကြရာတွင် မိသားစုဝင်များအထဲက အထူး သဖြင့် အမျိုးသမီးများမှာ ပို၍ခြိုးခြံလာနေကြရသည်။ 

မိသားစု၏တစ်နေ့တာ စားရေးသောက်ရေးအတွက်ပင် မပြေနိုင်တော့သည့် အိမ်ထောင်ဦးစီး၏ ဝင်ငွေများကြောင့် အမျိုးသမီးများကိုယ်တိုင် ကြုံရာကျပန်းလုပ်ကိုင်းရင်း ဝိုင်းကူဖြေရှင်းလာနေရသည်။ 

ခင်ပွန်းဖြစ်သူ၏ ဝင်ငွေနှင့် လက်ရှိ ကုန်ဈေးနှုန်းများကြား စားရေးသောက်ရေးအဆင်မပြေနိုင်တော့သဖြင့် ကိုယ်တိုင်အပြင်ထွက်ပြီး ကြုံရာကျပန်းလုပ်ကိုင်နေရကြောင်း စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာက ဒေါ်ဦးဟန်တင်က ပြောပြလာသည်။  

“ဒီလိုအခြေနေမျိုးမှာ ဘယ်လိုမှ ရှင်သန်လို့ မနေချင်တော့ဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုးတွေ တိုက်ယူနေကြတယ်ဆိုတဲ့အသိနဲ့ ဘယ်လိုပဲ တောင့်ခံရပါစေဆိုတဲ့ အသိစိတ်ကို ထားတယ်။ တခါတလေ သားသမီးတွေ စားချင်သောက်ချင်တာတွေကြောင့် ပူဆာရင် စိတ်ထဲမှာ ရှင်သန်ချင်စိတ် မရှိတော့ဘူး” ဟု ဒေါ်ဦးဟန်တင်က ပြောသည်။ 

စစ်ရေးပဋိပက္ခအကြား ဆင်းရဲမွဲတည်မှုကို ကျော်ဖြတ်နိုင်ရန် ဒေသတွင်း အာဏာပိုင်များအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာအောင် လုပ်ပေးသင့်သလို အမျိုးသမီးများအတွက် တတ်မြောက်လွယ်သော သက်မွေး ဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပို့ချရန်လိုအပ်ကြောင်း ရခိုင်ဒေသခံများက ထောက်ပြကြသည်။ 

ဆင်းရဲမွဲတည်မှု၏ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် မိသားစု စားသောက်ရေးအဆင်ပြေစေရန် ပိုမို ခြိုးခြံနေရသည့် အမျိုးသမီးများမှာ လွတ်လပ်စွာ အနားယူခွင့်ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် တစ်စိတ်တစ်ပိုင်း အနေဖြင့် မိသားစုပြဿနာများဖြစ်လာနိုင်ပြီး အိမ်တွင်းအကြမ်းဖက်မှုများအထိပါ သက်ရောက်လာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။ 

“အမျိုးသမီးရော အမျိုးသားရော ပြင်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်းအားဖြင့် မိသားစုတစ်စုမှာ ဝင်ငွေရ ပေါက်က ပိုတိုးစေတယ်။ မိသားစုအခက်အခဲတွေကို ပိုပြီး ဖြေရှင်းနိုင်တယ်။ အမျိုးသားတွေအနေနဲ့လည်း အိမ်မှုကိစ္စနဲ့ မဆိုင်ဘူးဆိုတာကိုလည်း ပြောင်းလဲဖို့လိုတယ်။ ဘာလို့ဆိုတော့ အမျိုးသမီးတွေက ငွေလည်းရှာရ ဦးမယ်၊ အိမ်မှုကိစ္စနဲ့ ကလေးထိန်းတဲ့ကိစ္စကိုလည်း ထပ်ပြီး တာဝန်ယူရမယ်ဆိုတော့ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်စေတာပေါ့” ဟု ရခိုင်က ကျား/မတန်းတူအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ထိုသို့ စားဝတ်နေရေးအကျပ်အတည်းကို ဖြေရှင်းရာမှာလည်း အမျိုးသမီးများမှာ အခြားသောမိသားစုဝင်များကို ဦးစားပေးနေသည့်အနေဖြင့် ပိုမိုခြိုးခံချွေတာနေရ၍ အကျိုးဆက်အဖြစ် အာဟာရမျှတမှုနှင့် ကျန်းမာရေးပိုင်းမှာ စိုးရိမ်စရာရှိလာနေသည်။ 

ယခုကဲ့သို့ ပြည်သူများ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ထိန်းညှိပေးရန် ဒေသခံများက လိုလားနေကြသည်။ 

လမိုက်ညနေချည်းသာ ဖြတ်သန်းနေရသော သူ့၏မိသားစုအတွက် အသားဟင်းစုံလင်စွာဖြင့် ဖွယ်ဖွယ်ရာရာ ထမင်း တစ်နပ်စားသောက်လိုသည့်ဆန္ဒက ဒေါ်မတင်ဦး၏ ရင်ထဲ၌ လောင်မြိုက်နေလေသည်။

“သားသမီးတွေကို အာဟာရဖြစ်အောင် အသားငါးနဲ့ တစ်နပ်လောက် ဝဝလင်လင် ကျွေးလိုက်ချင်တယ်။ သားသမီး တွေမသိအောင် ဒါကိုတွေးရင်း မျက်ရည်ကျတယ်။ ဝယ်ကျွေးနိုင်တာနဲ့ပဲ ကျွေးနေရတယ်” ဟု ဒေါ်တင်ဦးက ပြောသည်။

ယနေ့ ရခိုင်တိုက်ပွဲများမှာ တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီးဖြစ်ကာ အာရက္ခတပ်တော်က ရခိုင်ပြည်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ လက်ရှိ စစ်တွေ၊ ကျောက်ဖြူဖြင့်  မာန်အောင်မြို့များကျန်ရှိတော့သည်။ 

မပြီးဆုံးသေးသည့် စစ်ရေးကြားမှာ အိမ်ရှင်မများအတွက်ကတော့ ရောင်နီသစ်ကိုမျှော်လင့်ရင်း မီးဖိုချောင်အတွက် သောကဗျာပါဒများ ဖြစ်နေကြအုံးမည်ပေသည်။