- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ပလက်ဝ တရွန်အိုင်ရွာတွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် ၅ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ
အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုအတွင်း အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
22 May 2024
DMG ၊ မေ ၂၂
အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုအတွင်း အရပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မေလ ၂၁ ရက် ညနေပိုင်းက ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ဈေးအနီးကို လာပစ်သွားတာဖြစ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်။ စစ်ကောင်စီက အရပ်သားတွေကို တမင်ရည်ရွယ်ပြီး လာပစ်သွားတာ။ ဒဏ်ရာပြင်းသူတွေလည်းရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူများမှာ ဦးအောင်ထွန်း (၆၇)နှစ်၊ ဦးမောင်သိန်းနိုင် (၃၁)နှစ်၊ ဦးအောင်ကျော်ညွှန့် (၃၃)နှစ်၊ ဒေါ်လှခိုင်ဦး(၄၇)နှစ် နှင့် မစန္ဒာ (၁၇)နှစ် တို့ဖြစ်သည်။
ဒဏ်ရာရသူများမှာ အသက် (၂)နှစ်အရွယ် မောင်ဒီဖြိုးနှင့် မြတ်သူကျော်၊ (၁၆) နှစ်အရွယ် အောင်ဟွေ့ထွန်း၊ ဦးအောင်မြတ်ဦး၊ ဒေါ်ဦးမြနု၊ ကိုဒီမိုထွန်း၊ ဒေါ်သိန်းရွှီဦး၊ ကိုထွန်းလင်း၊ ဦးကျော်လှနှင့် ဦးကျော်စိုးတို့ ဖြစ်သည်။
ရခိုင်ဒေသစစ်ပွဲအတွင်း ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၉ ခုအထိကို AA က သိမ်းပိုက်ထားသည်။ စစ်ကောင်စီကလည်း AA ထိန်းချုပ်ရာမြို့နယ်များကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ မြင့်တက်လျက်ရှိသည်။
“စစ်ကောင်စီဟာ လက်နက်ကိုင်အချင်းချင်း တိုက်မနိုင်တော့တာကြောင့် ပြည်သူတွေကို ပစ်မှတ်ထားပြီး သူရဲဘောကြောင်လုပ်ရပ်၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်လာတာ” ဟု လူ့အခွင့်အရေးသမားတစ်ဦးက ပြောသည်။
နိုင်ငံတဝန်းစစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် လေကြောင်းဗုံးကြဲမှုများ ပိုမိုလုပ်ဆောင်လာ၍ တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု မြင့်တက်လာနေသည်။