တောင်ကုတ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်

ခန့်မှန်းခြေအင်အား ၁၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ ရက်ညဉ့်အချိန် ရခိုင်ရိုးမ တောင်ကျော်လမ်းအတိုင်း ချီတက်လာရာတွင် AA က ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

By Admin 21 Jun 2024

တောင်ကုတ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို AA ကြားဖြတ်တိုက်

DMG ၊ ဇွန် ၂၁

ပဲခူးတိုင်း၊ ပြည်မြို့ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက် မှုကြောင့် တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ခန့်မှန်းခြေအင်အား ၁၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၀ ရက်ညဉ့်အချိန် ရခိုင်ရိုးမ တောင်ကျော်လမ်းအတိုင်း ချီတက်လာရာတွင် AA က ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

“စစ်ကောင်စီစစ်ကြောင်းက ရိုးတောင်ကားလမ်းအတိုင်းလာတာ။ တောင်ကုတ်-ပန်းတောင်းလမ်းကို AA က ပိတ်ထားတော့ ဒီစစ်ကြောင်းဟာ တောင်ကုတ်မြို့နယ် နေပူတောင်စခန်းကို မရောက်ခင် မနက်အရုဏ်တက်မှာ AA က ဖြတ်တိုက်တာ။ အခုထိ တိုက်ပွဲမရပ်သေးဘူး။ တိုက်ပွဲက နေပူတောင်စခန်း အနီးဝန်းကျင်မှာ ဖြစ်နေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာသူ အများအပြားရှိနေကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် တောင်ကုတ်တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။

စကခ (၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး မြို့ပတ်ပတ်လည်ကို စစ်ကောင်စီက ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များက DMG ကို ပြောသည်။

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အနီးတွင် ဇွန်လ ၁၅ ရက်က တိုက်ပွဲဖြစ်ပြီးနောက် ဌာနဆိုင်ရာရုံးများ နှင့်  ဘာသာရေးအဆောက်အအုံများတွင် စစ်ကောင်စီက တပ်စွဲနေရာယူထားသည်။ 

“တောင်ကုတ်မြို့မှာ ခံစစ်အတွက်လိုအပ်တာတွေ အကုန်ပြင်ဆင်နေတယ်။ တောင်ကုတ်တက္ကသိုလ်မှာလည်း စစ်သား ၁၀၀ လောက် ကတုတ်ကျင်းတူးပြီး နေရာယူထားတယ်။ မြို့ထဲမှာလည်း စစ်အင်အားတွေ ဖြန့်ချ နေ တယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ဇွန်လ ၁၇ ရက်က တောင်ကုတ်တက္ကသိုလ်ခြံဝင်းထဲ စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကားထိခိုက်ပျက်စီးသွားပြီးနောက် တောင်ကုတ်တက္ကသိုလ်တွင် စစ်ကောင်စီက နေရာယူလိုက်သည်။ 

ယင်းအပြင် တောင်ကုတ်-သံတွဲ လမ်းဆုံအနီးရှိ အထက(၁)နှင့် တောင်ကုတ် - ပန်းတောင်းအဝေးပြေးလမ်းမရှိ ပန်းမြောက်တောင်ပေါ်ရှိ သာသနိကအဆောက်အအုံများတွင်လည်း စစ်ကောင်စီက တပ်စွဲနေရာယူထားသည်။ 

လက်ရှိတွင် တောင်ကုတ်မြို့နှင့် ကျေးရွာအချို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်၌ ဒေသခံအများအပြား ကျန်နေသေးကြောင်း သိရသည်။

“စစ်ကောင်စီက မြို့ပေါ်နေရာတိုင်းမှာ ရှိနေတယ်။ အဲဒါကြောင့် အိမ်ထဲကအိမ်ပြင် မထွက်ရဲကြဘူး။ တိုက်ပွဲတွေ ပြင်းထန်လာရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု တောင်ကုတ်မြို့တွင်း ပိတ်မိနေသူတစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ ရှိပြီး စစ်သင်တန်းဆင်း မွတ်ဆလင်များကိုလည်း အင်အားဖြည့်တင်းထားသည်။ 

လက်ရှိတွင် တောင်ကုတ်မြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး၊ AA ကလည်း မြို့ပတ်ပတ်လည်ကို ဝိုင်းထားကြောင်း သိရသည်။ 

လက်ရှိတွင်လည်း AA သည် မောင်တော၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေသည်။