ရခိုင်ပြည်တွင် AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းများစတင်လာ

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှု၊ မီးရှို့ခံရမှုတို့ကြောင့် ပျက်စီး သွားသည့် ရမ်းဗြဲ ၊ မင်းပြား ၊ ဘူးသီးတောင် စသည့်မြို့နယ်တို့မှ နေအိမ်များကို အာရက္ခတပ်တော်၏ အကူအညီ ပေးမှုဖြင့် ယာယီနေအိမ်အဖြစ် ပြန်လည်တည်ဆောက်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 03 Dec 2024

ပုံစာ- မင်းပြားမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးနေသည့် AA တပ်ဖွဲ့ဝင်များကိုတွေ့ရ စဉ်။ (ဓာတ်ပုံ - APM )
ပုံစာ- မင်းပြားမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးနေသည့် AA တပ်ဖွဲ့ဝင်များကိုတွေ့ရ စဉ်။ (ဓာတ်ပုံ - APM )

DMG ၊ ဒီဇင်ဘာလ ၃ 

တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှု၊ မီးရှို့ခံရမှုတို့ကြောင့် ပျက်စီး သွားသည့် ရမ်းဗြဲ ၊ မင်းပြား ၊ ဘူးသီးတောင် စသည့်မြို့နယ်တို့မှ နေအိမ်များကို အာရက္ခတပ်တော်၏ အကူအညီ ပေးမှုဖြင့် ယာယီနေအိမ်အဖြစ် ပြန်လည်တည်ဆောက်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အခြေခံ အိမ်ဆောက်ပစ္စည်းများဖြစ်သော အုန်း(ဓနိ)၊ ဝါး နှင့် သစ်တို့ကို AA ထောက်ပံ့ပြီး ဒေသခံ များ နှင့် အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေခြင်းဖြစ်သည်။

“နေအိမ်တွေကို သစ်၊ အုန်း၊ ဝါး တွေထောက်ပံ့ပြီး တပ်တော်က ရဲဘော်တွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ နေ အိမ်တွေပြန်တည်ဆောက် ပေးနေတာပါ။ အဓိကတော့ AA က ကမကထပြုပြီး တတ်နိုင်သလောက် ယာယီ အိမ် တွေ ဆောက်လုပ်ပေးတဲ့ သဘောပါ” ဟု မင်းပြားဒေသခံ တစ်ဦးကပြောသည်။

ယင်းအပြင်AA  သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့များကိုလည်း မိုင်းရှင်းလင်းရေး၊ လမ်းတံတားပြုပြင်ရေး ၊ လုံခြုံရေး ၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ရခိုင်ဒေသအနှံ့တွင် တိုက်ပွဲတစ်နှစ်အတွင်း ပျက်စီးသွားခဲ့သည့် အိမ်အရေ အတွက်ပေါင်း ၆,၄၀၄ ဆောင် ရှိ ကြောင်း ULA ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးရုံး ( HDCO ) စာရင်းအရ သိရသည်။

ပျက်စီးဆုံးရှုံးခဲ့ရသည့်နေအိမ်များမှာ ဘူးသီးတောင်တွင် ၃,၃၀၆ ဆောင်နှင့် အများဆုံးဖြစ်ပြီး ပေါက်တောတွင် ၁,၁၆၀ ဆောင်၊  မင်းပြား တွင် ၁၆၄ ဆောင်၊  ရမ်းဗြဲတွင် ၂၈၄ နှင့် အခြားမြို့နယ်အသီးသီးတွင်လည်း ရှိနေခြင်း ဖြစ်သည်။ 

ရမ်းဗြဲဒေသခံ အမျိုးသားတစ်ဦးက “ မြို့ထဲက ကယ်ဆယ်ရေးစခန်းတွေမှာလည်း လူမဆံ့တော့ HDCO က အုန်း (ဓနိ) နဲ့ ဝါးထောက်ပံ့ပြီး မီးလောင် ပျက်စီးသွားတဲ့နေအိမ်တွေနေရာမှာ ယာယီတဲအိမ်သဘောမျိုးဆောက်ပေးပြီး နေ ခိုင်း ထားတာတွေရှိတယ်” ဟု ပြောသည်။

AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲများအတွင်း နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်အချို့မှာ ယခုအခါ နေရပ်ပြန်နေထိုင်သူများရှိသော်လည်း အချို့စစ်ဘေးရှောင်များမှာ အခက်အခဲအမျိုးမျိုးကြောင့် နေရပ်ပြန်ရန် အခက်အခဲများစွာ ရှိနေကြသေးသည်။

“စစ်ဘေးရှောင်တွေကို မီးလောင်ထားတဲ့အိမ်ရာမှာပဲ တာပေါ်လင်စတွေ ၊ အုန်း(ဓနိ) တွေနဲ့ ယာယီနေထိုင်လို့ ရ အောင် အိမ်တွေကူဆောက်ပေးတယ်။ အတည်တကျ နေထိုင်ခွင့်တော့ မပေးသေးဘူး” ဟု ဘူးသီးတောင် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သော်လည်း AA ထိန်းချုပ်ထာသည့် နယ်မြေများတွင် ပြည်လည်ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ကောင်းမွန်သော်လည်း ယင်းထက် ကူညီထောက်ပံ့မှုများရရှိ စေရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများက တိုက်ရိုက်လာရောက်ကူညီပေးရေးအတွက် လုပ်ဆောင်သင့်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။

“AA ကတော့ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်းတိုက်ဆိုတဲ့ သဘောနဲ့ ရခိုင်ပြည်မှာ ဗျူဟာချ ထား တာတွေ့ရတယ်။ အခုလည်း နိုင်သလောက်သူတို့လုပ်နေတာတော့ရတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ ဒီထက် ပိုမို ထိရောက်တဲ့ ကုလသမဂ္ဂတို့လို့ နိုင်ငံတကာအဖွဲ့တွေ တိုက်ရိုက်ဝင်ရောက်နိုင်ရေး အတွက် လုပ်ဆောင်သင့် သေး တယ်လို့ မြင်တယ်” ဟု မြောက်ဦးဒေသခံ လူငယ်တစ်ဦးက အကြံပြုသည်။

စစ်ကောင်စီက အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်နေသည့်မြို့များနှင့် သိမ်းပိုက်ထိန်းချုပ် ထားသည့် မြို့များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ် နေသည့်အတွက် နေအိမ်ထိခိုက်ပျက်စီးမှုမှာ တိုးလာနေသည်။

အာရက္ခတပ်တော်သည် ရခိုင်စစ်ပွဲအတွင်း စစ်မျက်နှာပြင် ၁၈ ခုရှိသည့်အထဲ ၁၁ ခုကိုအပြီး သတ်သိမ်း ပိုက် ထိန်း ချုပ်ထားပြီး အခြားမြို့နယ်များကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။