- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
ဇန်နဝါရီလအတွင်းက နတ်မြစ်ဝတွင် ကုန်သင်္ဘောသုံးစီးကို အေအေက ခေါ်ဆောင် စစ်ဆေးခဲ့ရာတွင် ကြန့်ကြာနေခဲ့သည့် နောက်ဆုံးတစ်စီးအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Feb 2025
![ဓာတ်ပုံ - The Daily Star](https://assets.dmediag.com/2025/2/AA-Feb2.jpg)
ဇန်နဝါရီလအတွင်းက နတ်မြစ်ဝတွင် ကုန်သင်္ဘောသုံးစီးကို အေအေက ခေါ်ဆောင် စစ်ဆေးခဲ့ရာတွင် ကြန့်ကြာနေခဲ့သည့် နောက်ဆုံးတစ်စီးအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် အဆိုပါသင်္ဘောသုံးစီးကို အေအေက ခေါ်ယူသွားပြီးနောက် ၂၀ ရက်နေ့တွင် ၂ စီး ပြန်လွတ်လာခဲ့သည်။ နောက်ဆုံး ကျန်ရှိနေသော တစ်စီးမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ပြန်လွတ်လာခြင်း ဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် တက္ကနာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
"၁၆ ရက်ကြာပြီးနောက်မှာ အာရက္ခတပ်တော်က ထိန်းသိမ်းထားတဲ့ သင်္ဘော ပြန်လွတ်လာပြီး အခု ဆိပ်ကမ်းမှာ ရောက်နေပါပြီ။ ကုန်သည်တွေလည်း ခုမှ စိတ်ချရတော့တယ်" ဟု တက္ကနာဆိပ်ကမ်း စစ်ဆေးရေးမှူးများအသင်း အတွင်းရေးမှူး အက်ရှာမူးဟာ့ခ်ဘာဒါးက ဒါကာထရီဗျူးန် သတင်းဌာနသို့ ဖြေကြားထားသည်။
ရန်ကုန်မှ ငါးခြောက်၊ ကွမ်းသီး၊ ကော်ဖီနှင့် အခြားကုန်စည်များ စုစုပေါင်း ကုန်အိတ် ၅၀၀၀၀ တင်ဆောင်လာသည့် အဆိုပါ သင်္ဘောသုံးစီးသည် တက္ကနာဆိပ်ကမ်းသို့ ဦးတည်လာခြင်းဖြစ်ပြီး နတ်မြစ်ဝတွင် အေအေက ခေါ်ယူသွားခြင်း ဖြစ်သည်။
"ရှေ့ကလွတ်လာတဲ့ နှစ်စီးကတော့ တက္ကနာဆိပ်ကမ်းမှာ ကုန်ချပြီးလို့ ရန်ကုန်ကို ပြန်သွားပါပြီ" ဟု တက္ကနာဆိပ်ကမ်းမန်နေဂျာ အန်နဝါဟူစိန်က ပြောကြားသည်။
နောက်ဆုံး တစ်စီးသည် ငါးခြောက်အိတ် ၁၆၀၀ သယ်ဆောင်လာသည့် သင်္ဘောဖြစ်ကာ အဘယ်ကြောင့် ဤမျှအထိ ကြန့်ကြာနေခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ဤသင်္ဘောသည် မြန်မာစစ်တပ် အရာရှိတစ်ဦးနှင့် ဆက်နွယ်နေသူတစ်ဦး ပိုင်ဆိုင်သည့် သင်္ဘောဟု အမည်မဖော်လိုသူ တစ်ဦးက ပြောကြောင်း ဒေလီစတား၏ သီးခြား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အေအေဘက်ကမှ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြား သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။
ကော့ဘဇား ကုန်သည်ကြီးများအသင်း ဥက္ကဌ အဘူမော်ရှက် ချောင်ဒရီက အေအေသည် ၎င်းတို့ရေပိုင်နက်ကို ဖြတ်သန်းသွားသည့် ကုန်သွယ်ရေးမှတစ်ဆင့် ကော်မရှင်ခ ကောက်ခံရန် ကြိုးပမ်းနေကြောင်း အစောပိုင်းက ဒါကာထရီဗျူးသတင်းဌာနသို့ ဖြေကြားထားသည်။
"ဒီလိုအဟန့်အတားမျိုး ထပ်မကြုံရအောင် မြန်မာကုန်သည်တွေနဲ့ အာဏာပိုင်တွေ ညှိနိုင်းပြီး ရေရှည်အဖြေတစ်ရပ် ရှာဖို့လိုပါတယ်" ဟု သူကပြောသည်။