- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်မြို့နယ်များတွင် တစ်ပတ်အတွင်း အရပ်သား ၇ ဦးဖမ်းဆီးခံရ
စစ်ကောင်စီက ဖမ်းဆီးထားသူများမှာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိသည့်အပြင် မည်သည့်နေရာများ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း တစ်စုံတစ်ရာမသိရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။
06 May 2024
DMG ၊ မေ ၆
ရခိုင်ပြည်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲမြို့နယ်များ၌ ဧပြီ ၃၀ ရက်မှ မေ ၆ ရက်ထိ တစ်ပတ်အတွင်း အရပ်သား ၇ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
တောင်ကုတ်တွင် ၃ ဦး၊ သံတွဲတွင် ၂ ဦး၊ အမ်းတွင် ၁ ဦးနှင့် စစ်တွေတွင် ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးထားခြင်း ဖြစ်သည်။
သံတွဲမြို့နယ်၊ မြပြင်ကျေးရွာမှ အသက် (၃၀)ကျော်အရွယ် ဦးမောင်သန်းတင်နှင့် ဦးတင်ဝင်းတို့မှာ မေလ ၅ ရက်က မိမိနေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။
“စစ်ကားလေးစီးနဲ့လာကြတာ၊ စစ်သားလေးဆယ်လောက်ပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့အတွင်းဧည့်စာရင်းစစ်မှု၊ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်ကာ ယခင်ထက် လုံခြုံရေးတင်းကြပ်ထားသည်။
အမ်းမြို့နယ်တွင်လည်း ဒေါ်အေးအေးခိုင် (၃၀ နှစ်) မေလ ၁ ရက်က ပညာရေးမှူးရုံးမှ လစာထုတ်ပြီးပြန်လာစဉ် ပဲပဒုံစစ်ဆေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည်။
“သူက အမ်းမြို့နယ်က ရွာတစ်ရွာမှာနေတာ။ မြို့ထက်လာပြီး လစာထုတ်တဲ့အခါ အဖမ်းခံလိုက်ရတာပါ။ စရဖရုံးသို့ခေါ်သွားတယ်လို့ သိရတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။ သွားတွေ့လို့လည်းမရဖြစ်နေတယ်။ မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်ရှိ ငါး၊ ပုစွန်ရောင်းဝယ်ရေးဒိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် (၂၀)ကျော်အရွယ် ကိုမောင်မြတ်ကို၊ ကိုမောင်ထွေးနှင့် ကိုရန်အောင်စိုးတို့သုံးဦးကို ဧပြီ ၃၀ ရက် ညအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
၎င်းတို့နှင့်နီးစပ်သူတစ်ဦးက “အကုန်လုံးအိပ်နေကြတဲ့အချိန် ရဲသား ၁၀ ယောက်လောက်က ခြံပြင်ကနေ အော်ခေါ်တယ်။ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ဘယ်ကိုခေါ်သွားမှန်းလည်းမသိဘူး။ ဒီနေ့အထိ အဆက်သွယ်မရသေးပါဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူသုံးဦးမှာ ငါး၊ ပုစွန်အဝယ်ဒိုင်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ဖမ်းဆီးထားသူများမှာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိသည့်အပြင် မည်သည့်နေရာများ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း တစ်စုံတစ်ရာမသိရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။