- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ရခိုင်တွင် တစ်နှစ်အတွင်း အရပ်သား ၇၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးပါဝင်သည်။ ၁၉၈ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၅၀၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဆိုသည်။
18 Nov 2024
DMG ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်တွင် တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ထိ တစ်နှစ်တာအတွင်း အရပ်သား ၇၀၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်တွင် ၂၆၇ ဦး၊ ကျောက်ဖြူတွင် ၁၂၉ ဦး၊ မောင်တောတွင် ၁၂၈ ဦး၊ ပေါက်တောတွင် ၅၀ ဦး၊ ဘူးသီးတောင်တွင် ၃၁ ဦး၊ တောင်ကုတ်တွင် ၂၄ ဦးနှင့် သံတွဲမြို့တွင် ၁၄ ဦး၊ မင်းပြားတွင် ၉ ဦး၊ အမ်းတွင် ၈ ဦး၊ ဂွတွင် ၈ ဦး၊ ရမ်းဗြဲတွင် ၇ ဦး၊ မြောက်ဦးတွင် ၆ ဦးအပြင် မြေပုံတွင် ၆ ဦး၊ ပုဏ္ဏားကျွန်းတွင် ၅ ဦး၊ ရသေ့တောင်တွင် ၅ ဦး၊ ကျောက်တော်တွင် ၄ ဦး၊ မာန်အောင်မြို့နယ်တွင် ၂ ဦး ဖြစ်သည်။
ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသည့် ၁၈ နှစ်အောက်ကလေးငယ် ၂၄ ဦးပါဝင်သည်။ ၁၉၈ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ၅၀၅ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“စစ်တပ်က ဘာအကြောင်းပြချက်မှ မရှိဘဲ ရွာထဲဝင်ဖမ်းသွားတာ။ အခုချိန်ထိ လွတ်မလာသေးတဲ့သူတွေ ရှိတယ်။ ရခိုင်နဲ့ဆက်စပ်တဲ့ တက်တူးတွေ ရှိတဲ့လူတွေဆို AA လို့စွပ်စွဲပြီး ဖမ်းထားတာ။ မိသားစုတွေနဲ့လည်း အခုထိ အဆက်အသွယ်မရကြသေးဘူး” ဟု စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရပြီး အချို့မှာ တရားရင်ဆိုင်နေရဆဲဖြစ်ကာ အချို့မှာလည်း မိသားစုဝင်များနှင့် တစ်စုံတစ်ရာ အဆက်အသွယ်မရဘဲ ရှိနေကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဖမ်းဆီးခံရသူများထဲမှ အချို့သာပြန်လွတ်လာခဲ့ပြီး အများစုမှာ ဖမ်းဆီးခံထားရဆဲဟု ဒေသခံများက ပြောဆိုကြသည်။
“စစ်ကောင်စီက မကြာခဏ ဖမ်းဆီးတာတွေ လုပ်နေတော့ လုံခြုံရေးနဲ့ပတ်သက်လို့ ဒေသခံတွေကြား စိုးရိမ်မှုမြင့်တက်နေကြတယ်။ စစ်ကောင်စီထိန်းချုပ်နေသမျှ ကာလပတ်လုံးတော့ အဖမ်းမခံရအောင် သတိထားနေရမှာပဲ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ရခိုင်စစ်ရေးကာလအတွင်း စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထား ဖမ်းဆီးထောင်ဒဏ်ချမှတ်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက် ဖမ်းဆီး သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို အရှိန်မြှင့် ကျူးလွန်လျက်ရှိသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာသား ၃၀၀ ခန့်ကို ဖမ်းဆီးသွားခဲ့သည်။ ယင်းအထဲမှ အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၃၄ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
“အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာက စစ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတစ်ခုလို ဖြစ်နေတယ်။ စစ်ပွဲဖြစ်ပြီဆိုရင် အရပ်သားတွေကို သံသယခေါင်းစဉ်အောက်မှာ ဆွဲထည့်ပြီး လုပ်ချင်သလိုလုပ်တယ်။ အဲဒါက ပြည်သူတွေ အကြောက်တရားဖြစ်အောင် စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုလည်းဖြစ်တယ်။ ပြည်သူတွေမှာ လုံခြုံမှုကင်းမဲ့နေရတယ်။ အခု စစ်ကောင်စီထိန်းချုပ်ဆဲ မြို့တွေက ပြည်သူတွေမှာ ကျီးလန်းစာစား ဖြစ်နေကြရတယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့မှ ဒေသခံများမှာ လှောင်ပိတ်ခံနေကြရပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေကြရသည်။