နိုင်ငံတဝန်း စစ်ကောင်စီထံ ဖမ်းဆီးသတ်ဖြတ်ခံရသူ နှစ်ထောင်နီးပါးရှိလာ
AAPP ၏ စာရင်းအရ စစ်ကောင်စီထံ သတ်ဖြတ်ခံရမှုထဲတွင် စစ်ကိုင်းတိုင်း၌ ၉၉၈ ဦးဖြင့် အများဆုံးဖြစ်သည်။
01 Nov 2024
DMG ၊ နိုဝင်ဘာ ၁
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ နှစ်ထောင်နီးပါးရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။
စစ်ကောင်စီသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်အတွင်း (၃၂၄) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၆၃၂) ဦး၊ ၂၀၂၃ ခုနှစ်တွင် (၆၁၂) ဦးနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၃၀ ရက်အထိ (၃၇၅) ဦး စုစုပေါင်း ၁,၉၄၃ ဦး အထိရှိကြောင်း အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
AAPP ၏ စာရင်းအရ စစ်ကောင်စီထံ သတ်ဖြတ်ခံရမှုထဲတွင် စစ်ကိုင်းတိုင်း၌ ၉၉၈ ဦးဖြင့် အများဆုံးဖြစ်သည်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ ဖမ်းဆီးအထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက "အဆိုးရွားဆုံးနဲ့ လူသားမဆန်တဲ့ ချိုးဖောက်မှုတွေကို ပြန်ကြည့်ရင် အရပ်သားနေအိမ်တွေ၊ ရပ်ရွာတွေအထိကိုဝင် ရောက်ဖမ်းဆီးနှိပ်စက်တာတွေ၊ စစ်ကြောရေးတွေမှာ ရက်ရက်စက်စက် သတ်ဖြတ်တာတွေအပြင် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ကျူးလွန်နေတာဖြစ်တယ်" ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာ ၂၉ ရက်ထိ စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားသည့် အမျိုးသမီးအပါအဝင် စုစုပေါင်း ၅၀ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်က ဖော်ပြသည်။
အဆိုပါစာရင်းမှာ AAPP က လက်လှမ်းမီသလောက် ကောက်ယူထားသော အရေအတွက်ဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက်ပိုများပြားနိုင်ကြောင်း ဆိုထားသည်။
"အရပ်သားလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို အများကြီး ကျူးလွန်ခဲ့တယ်။ ကျူးလွန်တဲ့နေရာမှာ စစ်ကြောင်းထိုးပြီးတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူ့ပိုင်ဆိုင်မှု ပစ္စည်းတွေကို လုယက်တာ၊ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်တာ၊ နောက်တစ်ခါ လူသားဒိုင်းကာအဖြစ် အသုံးချတာမျိုးတွေ လုပ်ခဲ့တယ်" ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့်သုတေသန အကြံပေးတစ်ဦးဖြစ်သူ ကိုမိုးထက်နေက DMG သို့ ဖြေကြားထားသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးအချိန်မှစ၍ စစ်ပွဲဆိုင်ရာဥပဒေများကို မစောင့်ထိန်းဘဲ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေခြင်းကြောင့် ပြည်သူများမှာ မြေစာပင်ဖြစ်နေကြရသည်။