- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှု စနဲဒေသခံတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲမှုကြောင့် သက်ကြီးပိုင်းအရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
21 May 2024
DMG ၊ မေ ၂၁
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲမှုကြောင့် သက်ကြီးပိုင်းအရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ မေလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီကျော်အချိန် စနဲမြို့အနီးပတ်ဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချစဉ် မျှောချောင်းရွာဘုန်းကြီးကျောင်းတွင်ရှိနေသူ အသက် ၇၀ အရွယ် ဦးမောင်ကျော်လှမှာ ခန္ဓာကိုယ်လက်တို့တွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“မနေ့ကတနေကုန် ဒရုန်းတွေဝဲနေတာ။ မွန်းလွဲ ၂ နာရီကျော်မှာ စနဲမြို့တဝိုက်က ရွာတွေကို ကြဲချသွားတာ။ သက်ကြီးပိုင်း အမျိုးသားတစ်ယောက်တော့ ဒဏ်ရာရတယ်။ တခြားအပျက်အစီးနည်းနည်းရှိတယ်” ဟု စနဲဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စနဲမြို့အနီးနားရှိ ရွာဟောင်းတော၊ ပြိုင်းဆိပ်တောင်၊ မျှောချောင်းရွာတို့ကို စစ်ကောင်စီက ဒရုန်းဖြင့်ပတ်ခတ်ခဲ့ပြီး မျှောချောင်းရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်ကလည်း စနဲမြို့ဈေးတန်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဈေးဆိုင် ၇ ဆိုင် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
“စစ်ကောင်စီက စနဲကို အငြိုးကြီးကြီးနဲ့ တိုက်ခိုက်နေတာ။ အရပ်သားတွေ အများကြီးရှိနိုင်တဲ့ ဈေးတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မကြာခဏလုပ်နေတဲ့အတွက် ဒေသခံတွေမှာ ဘုန်းကြီးကျောင်းတွေ၊ ဈေးတွေကိုလည်း မသွားရဲတော့ဘူး” ဟု စနဲမြို့ခံ နောက်တစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှု မြင့်တက်နေခြင်းအပေါ် လူ့အခွင့်အရေးသမားများက ရှုတ်ချကြသည်။
စနဲမြို့နှင့် ၃ မိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ တောင်မော်ဦးရေတပ်စခန်းရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။