- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
29 Dec 2024

DMG ၊ ဒီဇင်ဘာ ၂၉
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ဒီဇင်ဘာ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
" ဂွမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေ အားလုံးကို အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဂွမြို့ကနေ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်" ဟု ဦးခိုင်သုခက ဆိုသည်။
ဂွမြို့တွင် စစ်ကောင်စီတပ်ရင်းနှစ်ခုရှိပြီး ခမရ (၅၆၃) တပ်ရင်းကို AA က ဒီဇင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့ပြီး လက်ကျန် ခမရ (၅၆၂) တပ်ရင်းကိုလည်း ယနေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီသည် ဂွမြို့နယ်သို့ စစ်ကူအင်အားများ ဖြည့်တင်းပြီး ဂွမြို့အနီးတဝိုက်သို့ ပြန်လည်ဝင်ရောက်ရန် ကြိုးစားနေသဖြင့် နေရာအချို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဦးခိုင်သုခက ပြောသည်။
" စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေဆဲဖြစ်သလို ရေတပ်ကလည်း ဧရာဝတီတိုင်း၊ ကမ်းသာယာကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ် နေတာတွေရှိပါတယ်" ဟု သူက ပြောသည်။
ရခိုင်ပြည်တွင် မြို့ကြီး (၁၇) မြို့ရှိသည့်အနက် လက်ရှိတွင် အာရက္ခတပ်တော်(AA)က မြို့ကြီး ၁၄ မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားသည်။
" ဒီနှစ်မကုန်ခင်မှာ AA က ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်ဆင်နေတာတွေ့ရတယ်။ AA ရဲ့ စစ်ရှိန်ကလည်း မြင့်နေတော့ သိပ်မကြာခင်မှာ ဂွမြို့နယ်ဟာလည်း စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားနိုင်တယ်" ဟု ရခိုင်စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဂွမြို့နယ်ရှိ ကျေးရွာအချို့နှင့် လူနေအိမ်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ တံတားများ အား မိုင်းခွဲဖျက်ဆီးတို့ကိုလည်း ဆက်တိုက်လုပ်နေကြောင်း AA က ဆိုထားသည်။
ဂွမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ဒေသအတွင်း၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် (၃) ခုကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။