မောင်တောတွင် ဖမ်းဆီးရမိခဲ့သည့် နွားကောင်ရေ ၁၀၀ ကျော်နှင့် စက်လှေများကို လေလံတင်ရောင်းချ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်တင်ပို့စဉ် ဖမ်းဆီးရမိခဲ့သည့် နွားအကောင်ရေ ၁၆၇ ကောင်နှင့် စက်လှေသုံးစီးတို့ကို ဧပြီလ ၂၇ ရက်နေ့က မောင်တောမြို့တွင် လေလံတင် ရောင်းချခဲ့ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

29 Apr 2020


ချလူးအောင် | DMG
ဧပြီ ၂၉ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်တင်ပို့စဉ် ဖမ်းဆီးရမိခဲ့သည့် နွားအကောင်ရေ ၁၆၇ ကောင်နှင့် စက်လှေသုံးစီးတို့ကို ဧပြီလ ၂၇ ရက်နေ့က မောင်တောမြို့တွင် လေလံတင် ရောင်းချခဲ့ကြောင်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ လေလံစနစ်ဖြင့် နွားများ၊ စက်လှေများကို ရောင်းချရာမှ ငွေကျပ်သိန်း ၆၂၂ သိန်း ၅ သောင်း ရရှိခဲ့ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“ရလာတဲ့ငွေတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေအကောင့်ထဲ့မှာ ထည့်ပေးရမှာဖြစ်တယ်။ ပြည်နယ် ရငွေအနေနဲ့ ဝင်ငွေဖြစ်သွားတော့ လမ်းတံတားလုပ်တာတွေဘာတွေမှာ ပြန်သုံးမှာဖြစ်တယ်” ဟု ဦးစိုးအောင်က ဆိုသည်။

ပထမအကြိမ် လေလံတင်ရာတွင် မောင်တောခရိုင်တရားရုံးမှ အမှုဆုံးဖြတ်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ကျွဲ ၉ ကောင်နှင့် နွား ၁၉ ကောင်အား ငွေကျပ် ၆၉ သိန်း၊ အင်ဂျင် ၄ လုံးထိုး စက်လှေ ၁ စီးအား ၂၅ သိန်းနှင့် ဟွန်ဒါအင်ဂျင် ၂ လုံးအား ၂ သိန်း စုစုပေါင်း ငွေကျပ် ၉၆ သိန်း ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်လေလံတင်ရာတွင် မောင်တောမြို့နယ်တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် နွားအလတ် ၇၄ ကောင်ကို ငွေကျပ် ၂၉၆ သိန်း၊ နွားသေး ၆၅ ကောင်ကို ၂၂၇ သိန်း ၅ သောင်းနှင့် စက်လှေ ၂ စီးကို ၃ သိန်း စုစုပေါင်း ၅၂၆ သိန်း ၅ သောင်း ရရှိခဲ့ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါနွားများမှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက မောင်တောမြို့နယ်အမှတ်(၁) POE ဝင်/ထွက်စခန်း အခြေစိုက် ဓညဝတီရေတပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လူ ၆ ဦးအား ဧပြီလပထမ အပတ်က အရေးကြီးကုန်စည်ဥပဒေပုဒ်မ-၅ ဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ်တစ်သောင်း ချမှတ်ခဲ့ကြောင်း မောင်တောခရိုင်တရားရုံးမှ သိရသည်။

ထို့ပြင် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် စစ်တွေဒေသခံ ၈ ဦးကိုမူ မောင်တောမြို့နယ် တရားရုံး၌ တရားစွဲဆိုထားပြီး အမိန့်မချမှတ်ရသေးကြောင်း မောင်တောမြို့နယ်တရားရုံးမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၇ အောက်တိုဘာလမှစတင်ကာ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုထားသော်လည်း ရခိုင်ပြည်နယ်အတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မှုများ ရှိနေဆဲဖြစ်သည်။