အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနေကြောင်း စစ်ခေါင်းဆောင်ပြော 

အမျိုးသမီးများအပေါ် အလေးထားကြရန် စစ်ခေါင်းဆောင်၏ပြောဆိုမှုမှာ အခမ်းအနားမိန့်ခွန်းမျှသာဖြစ်ပြီး မြေပြင်တွင် အပြောနှင့်အလုပ် ကွဲလွဲနေကြောင်း ရခိုင်အမျိုးသမီးများက ဝေဖန်ကြသည်။

By Admin 04 Jul 2024

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ 
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ 

DMG ၊ ဇူလိုင် ၄ 

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးထားပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်အတွက် အလေးထား ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ 

ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“အမျိုးသမီးများ၏အခွင့်အရေးနှင့် ကျား/မ တန်းတူညီမျှမှုကို အဟန့်တားဖြစ်စေတဲ့ လူမှုရေးစံသတ်မှတ်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကျား/မရေးရာကွာဟချက် ဖြစ်စေနိုင်ကြောင်း” စစ်ခေါင်းဆောင်က ပြောသည်။ 

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးစွမ်းဆောင်နိုင်မှုနှင့် ကျား/မတန်းတူညီမျှရေး လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းမှာ အလယ်အလတ်အဆင့်၏အောက်တွင် ရှိနေသောကြောင့် အမျိုးသမီးများကို ကဏ္ဍအသီးသီးတွင် စွမ်းဆောင်ရည်ပြည့်ဝအောင် အလေးထားဆောင်ရွက်ရမည်ဟု ဆိုသည်။ 

အမျိုးသမီးများအပေါ် အလေးထားကြရန် စစ်ခေါင်းဆောင်၏ပြောဆိုမှုမှာ အခမ်းအနားမိန့်ခွန်းမျှသာဖြစ်ပြီး မြေပြင်တွင် အပြောနှင့်အလုပ် ကွဲလွဲနေကြောင်း ရခိုင်အမျိုးသမီးများက ဝေဖန်ကြသည်။

“မြေပြင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လူတိုင်းက အထင်းသားမြင်တွေ့ပြီးသား။ အခုတိုက်ပွဲကာလမှာ ပိုဆိုးတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တယ်။ ပစ်သတ်တယ်။ စစ်တွေ ဗျိုင်းဖြူရွာကိစ္စမှာဆိုရင်လည်း အမျိုးသမီး ၃ ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တယ်” ဟု စစ်တွေဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ 

DMG စုံစမ်းချက်အရ ဗျိုင်းဖြူကျေးရွာမှ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ အမျိုးသမီးသုံးဦးမှာ ကလေးနှစ်ယောက်၏ မိခင်တစ်ဦး၊ ဆွံ့အနားမကြားသူတစ်ဦးနှင့် တခြားတစ်ဦးတို့ ဖြစ်သည်။

အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးချိန်တလျောက်တွင် ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်းရန် အလွန်အရေးကြီးသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပြန်သည်။ 

“ရခိုင်မှာ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ လူလတ်ပိုင်း၊ ကိုယ်ဝန်ဆောင်မိခင်၊ မသန်စွမ်းတွေအကျန် ဖမ်းဆီးနှိပ်စက်၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေကို စစ်ကောင်စီကပဲ လုပ်နေတာ။ ပြည်သူကို  လုပ်ချင်သလိုလုပ်ပြီး၊ အခမ်းအနားတွေမှာကျရင် ပြောချင်သလိုပြောနေတယ်” ဟု မြောက်ဦးမြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီသည် အမျိုးသမီးများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့်ကျူးလွန်နေပြီး အမျိုးသမီးများမှာ နေ့စဉ်နှင့်အမျှအသက်ဆုံးရှုံးနေရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။ 

BWU စာရင်းအရ မေလ ၁ ရက်မှ ၂၇ နေ့အထိ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် မြေမြှုပ်မိုင်းထိခြင်းတို့ကြောင့် နိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီး ၄၁ ဦး အသက်ဆုံးရှုံးခဲ့ရသည်။