တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီဖိတ်ခေါ်မှု နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားခြင်းဟု ဆို 

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီလမ်းကြောင်းမှ (သို့မဟုတ်) ရွေးကောက်ပွဲမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ 

By Admin 27 Sep 2024

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်းတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။

DMG ၊ စက်တင်ဘာ ၂၇ 

စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ကို ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဖို့ ကမ်းလှမ်းချက်မှာ အနှစ်သာရမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခြင်းသာဖြစ်သည်ဟု နိုင်ငံရေးသမားများနှင့် လေ့လာသူများက မှတ်ချက်ပြုသည်။ 

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီလမ်းကြောင်းမှ (သို့မဟုတ်) ရွေးကောက်ပွဲမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ 

၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ထားသည့် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ပြောဆိုခြင်းမှာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားနေခြင်းဟု စစ်ရေး၊ နိုင်ငံရေသုံးသပ်သူ ဦးဖေသန်းက ပြောသည်။ 

“စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေကို ၂၀၀၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြောလာတာပေါ့။ အမှန်က သူ(စစ်ကောင်စီ)ကိုယ်တိုင်က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှုမရှိဘဲ စစ်ရေးနည်းလမ်းနဲ့ပဲ အာဏာကို ရယူထားတာဖြစ်တယ်” ဟု ပြောသည်။ 

“ဒီလို ၂၀၀၈ ကို ကိုင်ပြီး ကမ်းလှမ်းမှုမျိုးကို ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ပြည်သူလည်း စိတ်မဝင်စားဘူး။ တော်လှန်ရေးအင်အားစုတွေဆိုရင် ပိုပြီးတောင် ဒီလိုအခြေအနေမျိုးကို လိုက်လျော့ပေးမှာ မဟုတ်ဘူး။ ဒီဟာက နိုင်ငံရေးအမြတ်ထုတ်တဲ့ ပုံစံမျိုးနဲ့ ပြောခြင်းသာဖြစ်တယ်” ဟု ဦးဖေသန်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုမှာ လက်တွေ့တွင် အလုပ်ဖြစ်လာနိုင်ခြေမရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်တယ်။ ဒါပေမယ့် ဒီဟာက အလုပ်မဖြစ်နိုင်ဘူး” ဟု ပြောသည်။

နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် တော်လှန်ရေးအင်အားစုများအား ဖိတ်ခေါ်မှုတွင် စစ်ခေါင်းဆောင်သည် ၎င်းအာဏာလွဲယူခြင်းနှင့် သန်ခေါင်စာရင်းအကြောင်းကိုသာ ရှင်းပြထားပြီး ခေါ်ပုံခေါ်နည်း လွဲမှားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဒု-စစ်ဦးချုပ် ဗိုလ်ချုပ်ဂွန်မော်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန်အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စ၍ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူသွားရန် ပြင်ဆင်နေသည်။ 

လက်ရှိတွင် ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးအပါအဝင် နိုင်ငံတဝန်း၌ တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည့် မြို့ပေါင်း ၇၅ မြို့နှင့်အထက်ကို ရှိလာနေသည်။