လက်နက်ကိုင်အဖွဲ့များကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ခရီးစဉ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

By Admin 04 Sep 2024

တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကို စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်နေ့က သွားရောက်ဖူးမြော်ကြစဉ်။ ဓာတ်ပုံ - CINCDS 
တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကို စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်နေ့က သွားရောက်ဖူးမြော်ကြစဉ်။ ဓာတ်ပုံ - CINCDS 

DMG ၊ စက်တင်ဘာ ၄

နိုင်ငံတဝန်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ခရီးစဉ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“တပ်မတော်(စစ်ကောင်စီ)အနေနဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက် သွားမှာဖြစ်တယ်။ လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ သတင်းရရှိမှုနဲ့ အခြေအနေအရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်” စစ်ခေါင်းဆောင်က ပြောသည်။ 

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သတိပြုကြရန် လိုအပ်ကြောင်း ဆိုသည်။ 

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးအကြပ်အတည်းများကို အခွင့်ကောင်းယူပြီး နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ 

လက်ရှိတွင် လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ ဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများတွင် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများကို အသုံးပြုနေကြောင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရန် နေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် စည်းရုံးခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်နေသည်ဟုလည်း ပြောခဲ့သည်။ 

လက်တွေ့မြေပြင်တွင် ပြည်သူများမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ကြောက်လန့်နေခြင်းမျိုး မရှိဘဲ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်မှုများကိုသာ စိုးရိမ်ကြောက်လန့်နေရကြောင်း ပြောဆိုကြသည်။ 

“အခု တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဒေသတွေက ပြည်သူတွေဟာ အေးချမ်းစွာ နေထိုင်နေကြတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်တွေကြောင့် မလုံခြုံမှုတွေကို နေ့စဉ်နဲ့အမျှ ခံစားနေကြရတယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရခိုင်၊ ရှမ်း၊ ကရင်၊ စစ်ကိုင်း၊ မန္တလေးစသည့် ဒေသများက မြို့ပေါင်း ၈၀ ခန့်ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည်။ စစ်ကောင်စီကလည်း ၎င်းတို့ လက်လွှတ်လိုက်ရသည့် ဒေသများကို ပြန်လည်ထိုးစစ်ဆင်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

လတ်တလောတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ MNDAA၊ TNLA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၂ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။