- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
တစ်ပတ်အတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ရခိုင်တွင် အများဆုံးဖြစ်
ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ တစ်ပတ်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ကြုံတွေ့ခဲ့ရသည့် တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် ရခိုင်တွင် ၁၇ ကြိမ်ဖြင့် အများဆုံးရှိခဲ့ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။
20 Dec 2023
ရခိုင် ၁၇ ကြိမ်၊ ရှမ်း ၁၁ ကြိမ်၊ စစ်ကိုင်း ၉ ကြိမ်၊ တနင်္သာရီ ၅ ကြိမ်၊ မန္တလေးနှင့် ဧရာဝတီ ၂ ကြိမ်အပြင် ပဲခူး၊ မကွေး၊ ကယားနှင့် ကရင် တို့တွင် ၁ ကြိမ်စီ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရကြောင်း ဖော်ပြသည်။
စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ မြင့်တက်လာသည်နှင့်အမျှ ဆန့်ကျင်တော်လှန်သူများလည်း ပို၍ များပြားလာနိုင်ကြောင်း နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။
“စစ်ကောင်စီက လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံအချက်တွေကို ချိုးဖောက်နေတာက နှစ်ပေါင်းများစွာ ကြာလာပြီ။ လူ့အခွင့်အရေးတွေကို ဘယ်တုန်းကမှ စောင့်ထိန်းခဲ့တဲ့အုပ်စုမဟုတ်ဘူး။ အခုလည်း သူတို့များများကျူးလွန်လေလေ တစ်နိုင်ငံလုံးက ဝိုင်းပြီးတော်လှန်လေပဲ” ဟု သူက ပြောသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အရပ်သားများနှင့် လူနေအိမ်များကို လက်နက်ကြီး/ငယ်၊ လေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ အသက်မပြည့်သေးသည့် ကလေးများကို ဖမ်းဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံ/ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းတို့က အများဆုံးဖြစ်ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၁၆ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ ယင်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်ကြောင်း ဆိုသည်။
ယင်းအပြင် လူမှုကွန်ရက်တွင် စစ်အာဏာရှင်တော်လှန်ရေးနှင့်သက်ဆိုင်သည့် သတင်းများကို မျှဝေ၊ ဖြန့်ချိခြင်း ပြုလုပ်မိသည့် ရခိုင်နှင့် တနင်္သာရီမှ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရခိုင်တိုက်ပွဲစတင်သည့်နေ့မှစ၍ စစ်ကောင်စီက ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး DMG စာရင်းအရ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၈ ရက်ထိ ရခိုင်နှင့်ပလက်ဝတွင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၃ ဦးအထိ ရှိလာသည်။
ယင်းအပြင် စစ်ကောင်စီသည် ဒေသခံများအား ဆက်တိုက်ဖမ်းဆီးနေပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့မှ ဒေသခံ ၁၀၀ ဦးထက်မနည်းကို ဖမ်းဆီးထားသည်။
စစ်ရေးအရအရေးပါသည့် တပ်စခန်းကြီးများနှင့် စီးပွားရေးအချက်အချာကျသော နေရာများကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
“အခုစစ်ရေးပဋိပက္ခမှာ စစ်ကောင်စီက AA ကို ဘာမှပြန်မလုပ်နိုင်တဲ့အတွက် ပြည်သူတွေကိုပဲ လုပ်ချင်သလို လုပ်နေတာ” ဟု ရခိုင်က လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
ရခိုင်တွင် ကုန်းလမ်း၊ရေလမ်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ တစ်လကျော်ကြာမြင့်လာပြီး တိုက်ပွဲရှောင်များနှင့် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေကြရသည်။