- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
မောင်တောမြို့နယ်တွင် စစ်ကောင်စီဗုံးကြဲ၍ အရပ်သား ၁၀ ကျော် သေဆုံးဒဏ်ရာရ
ဗုံးကြဲမှုကြောင့် ရွှေဗဟိုကျေးရွာ၌ စစ်ရှောင်နေသည့် အသက် (၂၂)နှစ်အရွယ် မပန်းအိဖြူမှာ ပွဲချင်းသေဆုံးသွားပြီး ဖခင်ဖြစ်သူ ဦးကျော်သိန်းခိုင် အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
21 May 2024
DMG ၊ မေလ ၂၁
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းအချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ကျော် သေဆုံးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဗုံးကြဲမှုကြောင့် ရွှေဗဟိုကျေးရွာ၌ စစ်ရှောင်နေသည့် အသက် (၂၂)နှစ်အရွယ် မပန်းအိဖြူမှာ ပွဲချင်းသေဆုံးသွားပြီး ဖခင်ဖြစ်သူ ဦးကျော်သိန်းခိုင် အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ဒဏ်ရာရရှိသူများမှာ ရွှေဗဟိုကျေးရွာမှ ကျော်ညွန့်ဖြူ (၇၁) နှစ်၊ မောင်တောမြို့မှ စစ်ရှောင်နေကြသူ မေသဇင်ထွန်း (၂၉)နှစ်၊ ဦးကျော်ကျော်နိုင် (၂၉)နှစ်နှင့် ဦးဖြူထွန်း (၆၂)နှစ်၊ မောင်နိုင်သုတဖြိုး (၅)နှစ်၊ ဦးကျော်သိန်းခိုင် (၄၅)နှစ် တို့ ဖြစ်သည်။
“အကုန်လုံးအိပ်နေကြတဲ့အချိန်မှာ လာပြီးဗုံးကြဲသွားတာ။ ဗုံးခိုကျင်းထဲ မရောက်လိုက်ဘူး။ ဗုံးနှစ်လုံးချသွားတာ။ နောက်ထပ် ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရတယ်။ လောလောဆယ်တော့ အတိအကျမသိနိုင်သေးဘူး” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီဗုံးကြဲမှုကြောင့် သေဆုံးသွားသူ မပန်းအိဖြူမှာ မောင်တောလူငယ်ရေးရာကွန်ရက်(MYAN) အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး မိသားစုနှင့်အတူ ရွှေဗဟိုကျေးရွာတွင် လာရောက်စစ်ဘေးရှောင်နေခြင်း ဖြစ်သည်။
အလားတူ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက စစ်ကောင်စီဗုံးကြဲမှုကြောင့် အသက် (၂၈)နှစ်အရွယ် ကိုစိန်သန်းမောင်၊ အသက် (၅၀)အရွယ် ဦးမောင်စိန်လှနှင့် အသက် (၂၄)နှစ်အရွယ် ကိုထွန်းနိုင်စိုး၊ အသက် (၄၂)နှစ်အရွယ် ဒေါ်ရွှေဖြူသန်းတို့ ဒဏ်ရာရရှိခဲ့ကြသည်။
ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက မောင်တောမြို့နယ်ရှိ ရွှေဗဟို၊ ဗောဓိကုန်းနှင့် ငွေတောင် စသည့် ကျေးရွာသုံးရွာကို လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာလို့ ပြောချင်တယ်။ စစ်ကောင်စီက စစ်ရှုံးတာကို အငြိုးထားပြီး အရပ်သားတွေကိုပဲ တိုက်ခိုက်နေတယ်။ ဒါကြောင့် အခုလိုသေဆုံးဒဏ်ရာရရှိသွားကြတာ” ဟု မောင်တောဒေသခံ နောက်တစ်ဦးက ပြောသည်။
စစ်ကောင်စီဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသွားသူများမှာ နီးစပ်ရာဆေးခန်းများတွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ မောင်တောမြို့နယ်၊ ကင်းချောင်းရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့၍ ၄ သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိပြီး မေလ ၁၉ ရက်တွင်လည်း သရီကုန်ဘောင်တွင် ဗုံးကြဲခံရမှုကြောင့် ၂ ဦးဒဏ်ရာရရှိခဲ့သည်။
ရခိုင်ဒေသအတွင်း စစ်ရှုံးနေသောစစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်နေကြောင်း AA က ပြောဆိုထားသည်။