- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ခြောက်လအတွင်း ရခိုင်ဒေသခံ ၄၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး
စစ်ကောင်စီသည် တိုက်ပွဲကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား ရန်သူသဖွယ် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
28 May 2024
DMG ၊ မေ ၂၈
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်ထိ ခြောက်လတာအတွင်း အရပ်သားပြည်သူ ၄၂၅ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယနေ့ထုတ်ပြန်သည်။
ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းပြုစုချက်အရ စစ်တွေမြို့နယ်မှ ၁၁၇ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ဘူးသီး တောင်မြို့နယ်မှ ၄၆ ဦး၊ မောင်တောမြို့နယ်မှ ၂၀ ဦး၊ ကျောက်တော်မြို့နယ်မှ ၄ ဦး၊ မြောက်ဦးမြို့နယ်မှ ၁၅ ဦး၊ မင်းပြားမြို့နယ်မှ ၂ ဦး၊ မြေပုံမြို့နယ်မှ ၂ ဦး၊ အမ်းမြို့နယ်မှ ၅ ဦး၊
တောင်ကုတ်မြို့နယ်မှ ၂၁ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၆ ဦး၊ ဂွမြို့နယ်မှ ၅ ဦး၊ သံတွဲမြို့နယ်မှ ၂၀ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၁၁၃ ဦး၊ မာန်အောင် ၂၊ ပေါက်တော ၄၅ ဦးကို စစ်ကောင်စီက ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားသည်။
စစ်ကောင်စီသည် တိုက်ပွဲကာလအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား ရန်သူသဖွယ် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနေခြင်းဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
“ပြည်သူတွေကို ရန်သူလို့ထင်ပြီး လိုက်ဖမ်းနေတာ။ မြေပြင်မှာ ဖမ်းဆီးမှုတွေ ဒီထက်ပိုပြီးတော့ လုပ်လာဦးမှာ။ ဒါကတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဖမ်းဆီးခံထားရသူများအထဲတွင် အမျိုးသမီး ၇၉ ဦးနှင့် အမျိုးသား ၃၄၆ ဦးပါဝင်ပြီး ၎င်းတို့အား စစ်ကောင်စီတပ် နှင့် ရဲအပါအဝင် စစ်ကောင်စီတပ်၏ ပူးပေါင်းအဖွဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း HDCO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပုဏ္ဏားကျွန်းဒေသခံ လူငယ်တစ်ဦးက “ဖမ်းဆီးခံထားရသူတွေက ဘယ်အချိန်မှ ပြန်လွတ်လာမလဲ မသိနိုင်ဘူး။ ဒါမှမဟုတ် သူတို့လက်ထဲမှာ ဘာဖြစ်သွားမလဲ မသိဘူး။ မိသားစုဝင်တွေဆိုရင်လည်း အရမ်းစိတ်ပူနေကြတယ်” ဟု ပြောသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ အရပ်ဘက်/ဘာသာရေးအဆောက်အအုံများအား စစ်ဘက်ဆိုင်ရာပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု HDCO ထုတ်ပြန်ချက်တွင် ပါရှိသည်။