- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကင်းချောင်းကျေးရွာမှ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားသည်။
14 May 2024
DMG ၊ မေ ၁၄
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်တွင် ယနေ့မွန်းတည့်ချိန် စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကင်းချောင်းကျေးရွာမှ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့မှုကြောင့် ဘိုကျော်(၃၄)နှစ်နှင့် အမျိုးသမီးနှစ်ဦးမှာ နေရာ၌သေဆုံးပြီး ဒေါ်အေးနုမြိုင် (၅၀)နှစ်၊ သမီးဖြစ်သူ မချိုချိုဝင်း (၂၈)နှစ်၊ မနွယ်နွယ်ဝင်း(၂၀) နှစ်နှင့် တခြားကျေးရွာမှ အမျိုးသား ၂ ဦးတို့မှာ ခန္ဓာကိုယ်၊ ခြေလက်တို့တွင် ဒဏ်ရာအသီးသီး ရရှိသွားခဲ့သည်။
“ဂျက်လေယာဉ်တွေ နေ့တိုင်းလိုလိုဝဲတယ်။ မနေ့က တစ်ညလုံး ပျံတယ်။ ဒီနေ့က မွန်းတည့်ချိန်လောက်မှာ ဗုံးကြဲသွားတာပါ။ တစ်ခေါက်လာကြဲတယ်။ ဆယ်မိနစ်လောက်နေရင် နောက်တစ်ခေါက် လာကြဲသွားတာပါ။ နေအိမ်တွေလည်း ပျက်စီးသွားခဲ့ပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ယနေ့ (မေ ၁၄) မနက်ပိုင်းက ဘူးသီးတောင်တပ်ရင်းမှ မောင်တောဘက်သို့ တပ်ဆုပ်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ င/ကျဉ်တောက် မယူတောင်ကျော်လမ်းတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် မေလ ၁၂ ရက်နေ့ကလည်း မောင်တော စစ်ကောင်စီ၏ နခခ(၅) မှ လက်နက်ကြီးများဖြင့် ၄ မိုင်၊ ရွာသာယာ၊ ငွေတောင်ကျေးရွာများသို့ လက်နက်ကြီးများ လှမ်းပစ်ခဲ့သည့်အတွက် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းအထဲမှ ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးကုသမှု ခံယူနေရသည်။
“အဲဒီနေ့က လက်နက်ကြီး တစ်နေကုန်ပစ်တယ်။ ရွာသာယာနဲ့ ငွေတောင်ကျေးရွာက ဒေသခံ ၆ ယောက် ဒဏ်ရာရသွားတယ်။ တစ်ခြားကျေးရွာတွေမှာ နေအိမ်တွေပျက်စီးသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
AA သည် မောင်တောမြို့နယ်ရှိ နခခ(၁)ကျီးကန်းပြင်၊ နခခ (၇)ကြိမ်ချောင်း၊ နခခ (၁၀) လှဖိုးခေါင်နှင့် အခြား တပ်စခန်းအများအပြားကို သိမ်းပိုက်ရရှိထားသည်။ လက်ရှိတွင် လေးမိုင် နခခ (၂)အပြင် မြင်းလွှတ်၊ မောရဝတီ နခခ (၄)၊ မြို့သူကြီး နခခ (၅) နှင့် အလယ်သံကျော် တို့ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
စစ်ကောင်စီကလည်း မောင်တောမြို့မကျဆုံးရေး အကြိတ်အနယ်ခုခံနေပြီး နယ်စပ်ကုန်သွယ်ရေးစခန်း ကညင်ချောင်းဆိပ်ကမ်းကို အသုံးပြုကာ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်။