- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
" အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ်ရပ်ရွာ လူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားစွာ ရိုက်ခတ်နိုင်ပါတယ် " ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။
14 Mar 2025

DMG ၊ မတ် ၁၄
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာအထောက်အပံ့များကို ဧပြီလမှ စတင်ကာ ရပ်ဆိုင်းရတော့မည်ဖြစ်ကြောင်း ယနေ့ (မတ်လ ၁၄)တွင် ထုတ်ပြန်သည်။
နိုင်ငံအတွင်း ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများ သွားရောက်ကူညီခွင့် ကန့်သတ်မှုများ တိုးမြှင့်လာခြင်းကြောင့် စားနပ်ရိက္ခာ အကူအညီလိုအပ်ချက်များ ပိုမိုများပြားနေသည့်အချိန်တွင် ယခုကဲ့သို့ အထောက်အပံ့ ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်သည်ဟု ဆိုထားသည်။
ရန်ပုံငွေအသစ် မရရှိပါက WFP သည် ထိခိုက်လွယ်သူများဖြစ်သည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများအပါအဝင် လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးနိုင်တော့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
" အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ်ရပ်ရွာ လူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားစွာ ရိုက်ခတ်နိုင်ပါတယ် " ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောသည်။
ယခုနှစ်တွင် မြန်မာပြည်သူများအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန် WFP သည် အမေရိကန်ဒေါ်လာသန်း ၆၀ ကို အရေးတကြီး လိုအပ်လျက်ရှိသည်။
" ကျွန်တော်တို့ WFP အနေနဲ့ကတော့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာ ဆိုပေမယ့်လည်း အကူအညီ တကယ်လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေဆက်လက်ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက် ငင်းရရှိဖို့ အရေးကြီးပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford ဖြည့်စွက် ပြောကြားထားသည်။
မြန်မာနိုင်ငံတဝန်း အခြေအနေများ ဆက်လက်ပြင်းထန်နေသည့်အတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် ထပ်ဆောင်းရန်ပုံငွေများ ရှာဖွယ်ကြဖို့ကိုလည်း မိတ်ဖက်အားလုံးကို WFP မှ တိုက်တွန်းထားသည်။
ယင်းထောက်ပံ့မှု ရပ်ဆိုင်းလိုက်သည့်အတွက် ရခိုင်ပြည်အတွင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မှု ရှိသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။
WFP ၏ စားနပ်ရိက္ခာထောက်ပံ့မှုကို မှီခိုနေကြရသည့် မိသားစုဝင်များသည် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက် အခက်အခဲဖြစ်သွားရကာ ထမင်းလျှော့စားရခြင်း၊ ပိုင်ဆိုင်မှုများကိုလည်း ရောင်းချနေရပြီး အကြွေးနွံထဲ ရုန်းကန်နေကြရသည်ဟု ဆိုကြသည်။
စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက " ရိက္ခာနှစ်လစာ ရလိုက်ပါတယ်။ တခြား လတွေမှာ ထောက်ပံ့မှု ရပ်ဆိုင်းမလား၊ မရပ်ဆိုင်းဘူးလားဆိုတာကိုတော့ မသိရပါဘူး။ ရပ်ဆိုင်းလိုက်မယ်ဆိုရင်တော့ ဒုက္ခသည်တွေ ပိုပြီးခက်ခဲသွားမယ် " ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒသမ ၂ သန်းခန့်သည် တစ်နေ့တခြားစားနပ်ရိက္ခာ မပြည့်မီသည့် အရေးနှင့် ကြုံတွေ့နေရပြီး ယင်းအထဲမှ လူဦးရေ ၂ ဒသမ ၃ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အရေးပေါ် အခြေနေရင်ဆိုင်နေရသည်ဟုလည်း ဆိုထားသည်။