ရခိုင်ဒေသတွင်း ဂျီနိုဆိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီ 

ရခိုင်လူမျိုး၏ ဝိသေသလက္ခဏာများဖြစ်သော ‘ဝံလက်ငှက်၊ ဗျာလ၊ Arakan’ တက်တူးထိုးထားသူများ၊ လူငယ်လူတ်ပိုင်းအရွယ်များကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမ္မကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ဒေသခံ (၈၀) နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

By Admin 17 Jun 2024

ရခိုင်ဒေသတွင်း ဂျီနိုဆိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနေပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ နေရာအနှံ့ဖြစ်ပွားနေသည်။ အာဏာရူး စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ့အသက် အိုးအိမ်များ ထိခိုက်ပျက်စီးနေရသည်။ 

စစ်ရေးအရအထိနာဆုံးဖြစ်သော ရခိုင်ဒေသတွင်ဆိုလျှင် စစ်ကောင်စီသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ပြစ်မှုကို တားဆီးကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ကျခံစေခြင်းဆိုင်ရာ သဘောတူစာချုပ် (ဂျီနိုဆိုက်ကွန်ဗင်းရှင်း) ကို ထပ်မံချိုးဖောက်နေသည်ကို တွေ့ရသည်။  

ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၁၆ - ၂၀၁၇ ခုနှစ်က ‘နယ်မြေရှင်းလင်းရေး’ လုပ်ရာတွင် မြန်မာစစ်တပ်သည် မွတ်ဆလင်လူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့၍ ‘ကမ္ဘာ့ခုံရုံး’တွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ 

လက်ရှိတွင်လည်း မြန်မာစစ်တပ်သည် ရခိုင်ဒေသအတွင်း စစ်မက်ပြင်းထန်နေမှုကို အခွင့်ကောင်းယူပြီး လူမျိုးရေးအရ အငြိုးတေးထားကာ ရခိုင်လူမျိုးအပါအဝင် ဒေသနေလူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်။ အရပ်သားများနေထိုင်ရာကို လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုအပြင် စစ်ကြောင်းထိုး သတ်ဖြတ်မှုများကြောင့် ရခိုင်ဒေသခံအများအပြား ထိခိုက်သေဆုံးနေရသည်။ 

မေလ ၂၉ ရက်က စစ်တွေမြို့၊ ဗျိုင်းဖြူရွာဖြစ်စဉ်ကိုကြည့်လျှင် စစ်ကောင်စီသည် ရခိုင်ဒေသခံများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုထိ ရည်ရွယ်နေသည်ကို ပေါ်လွင်စေသည်။

ရခိုင်လူမျိုး၏ ဝိသေသလက္ခဏာများဖြစ်သော ‘ဝံလက်ငှက်၊ ဗျာလ၊ Arakan’ တက်တူးထိုးထားသူများ၊ လူငယ်လူတ်ပိုင်းအရွယ်များကို အဓိကပစ်မှတ်ထားပြီး ဖမ်းဆီးသတ်ဖြတ်မှု၊ အမျိုးသမီးများအား အဓမ္မကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှုကြောင့် ဒေသခံ (၈၀) နီးပါး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည်။

ယင်းအပြင် စစ်ကောင်စီသည် ရခိုင်တိုက်ပွဲကာလအတွင်း အရပ်သားများကိုဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ လူထိခိုက်သေဆုံးမှုများ၊ မြို့/ရွာ/ဈေး/ဆေးရုံ စသည်တို့ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်များ အများအပြားရှိနေသည်။ ရခိုင်ဒေသခံများမှာ တိုက်ပွဲကြောင့် ဒုက္ခရောက်ရသည်ထက် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများစွာဖြင့် နေ့စဉ်လူမှုဘဝကို ဖြတ်သန်းနေထိုင်နေကြရသည်။ 

ဂျီနိုက်ဆိုက်ကွန်ဗန်းရှင်း အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “တိုင်းနိုင်ငံ၊ တိုင်းရင်းသားမျိုးနွယ်စု၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအုပ်စုကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ဖျက်ဆီးပစ်ရန်ရည်ရွယ်သည့် ၁) သတ်ဖြတ်ခြင်း၊ ၂) ပြင်းထန်သော ရုပ်ပိုင်း၊ စိတ်ပိုင်း အနာတရဖြစ်စေခြင်း၊ ၃) လူမှုဘဝအခြေအနေ တစ်စိတ်တစ်ပိုင်း/ အားလုံးကို ထိခိုက်စေခြင်း၊ ၄) ကလေးမွေးဖွားနှုန်းကို တားမြစ်ခြင်း၊ ၅) ကလေးများကို အခြားသော လူ့အဖွဲ့အစည်းအတွင်းသို့ အတင်းအကြပ်သွတ်သွင်းခြင်း” တို့ကို ကျူးလွန်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဆိုသည်။ 

ငြိမ်းချမ်းနေချိန်တွင်ဖြစ်စေ၊ စစ်မက်ဖြစ်ပွားနေချိန်တွင်ဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းသည် ပြစ်မှုမြောက်ကြောင်း အတိအလင်းပြဌာန်းထားသော်လည်း စစ်ကောင်စီသည် ရခိုင်ဒေသတွင် ဂျီနိုက်ဆိုက်ပြစ်မှု (၃) ချက်အထိ ဖောက်ဖျက်ကျူးလွန်နေသည်ကို တွေ့ရသည်။ 

“ဂျီနိုဆိုက်ကွန်ဗင်းရှင်း” နိုင်ငံတကာသဘောတူစာချုပ်တွင် မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်တွင် ပါဝင်ရေးထိုးခဲ့သည်။ သို့သော်လည်း စာချုပ်ပါပြစ်မှုများကို တားဆီးကာကွယ်ပါမည်ဟု လက်မှတ်ထိုးထားသော စစ်အာဏာရှင်များက စစ်မက်ဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်။ 

ထို့ကြောင့် ရခိုင်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဂျီနိုဆိုက်ကျူးလွန်မှုများကို နိုင်ငံတကာနှင့် ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အထူးအာရုံစိုက်ကြရန်နှင့် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုအား ဒဏ်ခတ်အရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်ကြရန် လိုအပ်ပေသည်။