- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
နယူးယောက်တွင် တိုက်ခန်းမီးလောင်မှုကြောင့် အနည်းဆုံး ၁၉ ဦး သေဆုံး
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် တနင်္ဂနွေနေ့က အထပ်မြင့်တိုက်ခန်းတွဲတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် လူအနည်းဆုံး ၁၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jan 2022

DMG ၊ ဇန်နဝါရီ ၁၇
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် တနင်္ဂနွေနေ့က အထပ်မြင့်တိုက်ခန်းတွဲတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် လူအနည်းဆုံး ၁၉ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသူများတွင် ကလေးငယ် ၉ ဦးအထိ ပါဝင်နေကြောင်း နယူးယောက်တိုင်းမ်နှင့် စီအန်အန် သတင်းဌာနများက အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြသည်။
“လူ ၁၉ ဦးသေဆုံးကြောင်း အတည်ပြုထားတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ အသည်းအသန် စိုးရိမ်ရသူ တစ်ချို့လည်း ရှိနေပါတယ်” ဟု နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်က စီအန်အန် သတင်းဌာနသို့ ဖြေကြားသည်။ ဒဏ်ရာရသူစုစုပေါင်း ၆၃ ဦးရှိကြောင်းလည်း သူက ဖြည့်စွက်ပြောကြားသည်။
Bronx တိရစ္ဆာန်ရုံ အနောက်ပိုင်းမှ ၁၉ လွှာရှိသည့် အဆိုပါတိုက်ခန်းတွဲအတွင်း ဒုတိယထပ်နှင့် တတိယထပ်များတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်သမား ၂၀၀ ကျော် ငြိမ်းသတ်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
လျှပ်စစ်အပူပေးစက်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင့် လေ့လာသူများ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။
မီးလောင်မှုကြောင့် အခန်းအနည်းငယ်သာ ပျက်စီးခဲ့သော်လည်း အများစုမှာ မီးခိုးများကြောင့် အသက်ရှူကြပ်ခြင်းနှင့် နှလုံးထိခိုက်ခြင်းတို့ ခံစားရကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ အသက်ရှူကြပ်မှု ခံစားခဲ့ရသူ အများအပြားရှိပြီး ကလေးငယ်အများအပြားကို အောက်ဆီဂျင်ပေးကာ ကယ်ထုတ်လာရသည်ကို တွေ့ရကြောင်းလည်း သတင်းက ဖော်ပြသည်။
အနီးအနားမှ မျက်မြင်များ၏ ပြောကြားချက်အရ တိုက်ခန်းအတွင်းမှ အချို့သည် ပိတ်မိနေခဲ့ကြပြီး လက်ပြ အကူအညီတောင်းခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။
နယူးယောက်မြို့တော်တွင် ၁၉၉၀ ခုနှစ်က မီးလောင်ကျွမ်းမှုကြောင့် ၈၇ ဦးအထိ သေဆုံးခဲ့သလို ၂၀၁၇ ခုနှစ်တွင်လည်း အဆောက်အအုံမီးလောင်မှုကြောင့် ၁၃ ဦးအထိ သေဆုံးမှု ရှိခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။