ဇိမ်ခံကား ၄၀၀၀ ကျော် တင်ဆောင်လာသော သင်္ဘော မီးလောင်ကျွမ်း

ဇိမ်ခံကားများ အရေအတွက်ထောင်နှင့်ချီ၍ တင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စင်းပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံ အေဇိုစ်ကျွန်းစုကမ်းလွန်တွင် မျောပါနေခဲ့သော အဆိုပါသင်္ဘောသည် ယခုအခါ မီးလောင်ကျွမ်းမှု အရှိန်လျော့သွားပြီဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

By Foreign Desk 23 Feb 2022

ဓာတ်ပုံ - Reuters

DMG ၊ ဖေဖော်ဝါရီ ၂၃

ဇိမ်ခံကားများ အရေအတွက်ထောင်နှင့်ချီ၍ တင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စင်းပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံ အေဇိုစ်ကျွန်းစုကမ်းလွန်တွင် မျောပါနေခဲ့သော အဆိုပါသင်္ဘောသည် ယခုအခါ မီးလောင်ကျွမ်းမှု အရှိန်လျော့သွားပြီဖြစ်ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားသည်။

လောင်ကျွမ်းရန်ပစ္စည်း ကြီးကြီးမားမား မကျန်တော့သဖြင့် မီးလောင်ကျွမ်းမှုအရှိန် လျော့သွားခြင်း ဖြစ်နိုင်ကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ပေါ်ရှေး၊ အော်ဒီနှင့် ဘက်တလေကား အမျိုးအစားများနှင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများ ပါသည့် လျှပ်စစ်ကားများ အပါအဝင် ယာဉ်ပေါင်း ၄၀၀၀ ကျော်ကို တင်ဆောင်လာသည့် ဖလစ်စီးတီးအေ့စ် သင်္ဘောသည် ဗုဒ္ဓဟူးနေ့တွင် အတ္တလန္တိတ်သမုဒ္ဒရာအလယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

သင်္ဘောပေါ်ရှိ ရေယာဉ်အမှုထမ်း ၂၂ ယောက်ကို ထိုနေ့တွင်ပင် ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။

 “မကြာသေးခင် နာရီပိုင်းလောက်ကပဲ မီးငြိမ်းသွားတာ”ဟု ဖာရယ်ကျွန်း၏ အေဇိုကျွန်းဆွယ်ရှိ အနီးဆုံးဆိပ်ကမ်းမှ ကပ္ပတိန် ဂျိုအာမန်ဒိစ်ကဘီကက်စ်က ပြောကြားသည်။ လောင်ကျွမ်းနိုင်သောပစ္စည်း မဖြစ်စလောက်သာ ကျန်တော့သဖြင့် မီးငြိမ်းသွားခြင်း ဖြစ်နိုင်ကြောင်းလည်း ကပ္ပတိန်က ပြောကြားသည်။

လျှပ်စစ်ကားများတွင်ရှိသော လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများကြောင့် "မီး ဆက်လက်လောင်ကျွမ်းနေခြင်း" ဟု ထိုရက်သတ္တပတ်အတွင်းကပင် ကပ္ပတိန်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ထိုလစ်သီယမ်-အိုင်းယွန်း ဘက်ထရီများကို မီးငြှိမ်းသတ်ရန်အတွက် သီးသန့်ပစ္စည်းကိရိယာများ လိုအပ်သည်ဟုလည်း ကပ္ပတိန်က ဖြည့်စွက် ပြောကြားသည်။

 ဘတ္ထရီများကြောင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရခြင်း ဟုတ် မဟုတ် ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

"ကျွန်တော်တို့ စိုးရိမ်နေတာက သင်္ဘောပေါ်မှာ လောင်စာဆီ အမြောက်အမြားနဲ့ ကားဘက်ထရီတွေ ပါနေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်မှာကိုပဲ။ အခုအချိန်အထိတော့ ဒါမျိုးဖြစ်တာ မတွေ့ရသေးဘူး" ဟု ကပ္ပတိန် ဂျိုအာမန်ဒိစ်ကဘီကက်စ်က ဖြေကြားထားသည်။

မီးလောင်ကျွမ်းမှုအရှိန် ရပ်တန့်နေချိန်တွင် မီးသတ်အဖွဲ့များနှင့် နည်းပညာရှင်များအနေဖြင့် ကုန်တင်သင်္ဘောကို ဥရောပ သို့မဟုတ် ဘဟားမားသို့ ဆွဲတင်ရန်အတွက် ပြင်ဆင်နိုင်သည်ဟု ကပ္ပတိန်က ပြောကြားခဲ့သည်။

ကုန်တင်သင်္ဘောပေါ်ရှိ  ကားအရေအတွက်ကို ဗော့စ်ဝယ်ဂွန်ကုမ္ပဏီဘက်က အတည်ပြု ပြောကြားမှုမရှိပေ။ နောက်ထပ် အချက်အလက်များကို စောင့်မျှော်နေကြောင်း သောကြာနေ့က ပြောကြားသည်။