တစ်ရက်တည်းနှင့် ဒုံးကျည် ၈ စင်းအထိ မြောက်ကိုရီးယား ပစ်ခတ်

မြောက်ကိုရီးယားသည် ဇွန်လ ၅ ရက်နေ့က နိုင်ငံတွင်း နေရာအနှံ့အပြားမှ ပဲ့ထိန်းဒုံးကျည် ၈ စင်းအထိ ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာမှ ပြောကြားလိုက်သည်။

06 Jun 2022

ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၆

မြောက်ကိုရီးယားသည် ဇွန်လ ၅ ရက်နေ့က နိုင်ငံတွင်း နေရာအနှံ့အပြားမှ ပဲ့ထိန်းဒုံးကျည် ၈ စင်းအထိ ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာမှ ပြောကြားလိုက်သည်။

ဆိုးလ်နှင့် ဝါရှင်တန်တို့ပူးပေါင်းပြီး လေးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင်သင်္ဘောပါ ပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး နောက်တစ်ရက်၌ ယခုကဲ့သို့ မြောက်ကိုရီးယာဘက်က ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“မြောက်ကိုရီးယားဘက်က တာတိုပစ် ဒုံးကျည် ၈ စင်းပစ်ခတ်ခဲ့တာကို ကျွန်တော်တို့ စစ်ဘက်က တွေ့ရှိခဲ့ပါတယ်” ဟု ဆိုးလ်ပူးတွဲစစ်ဦးစီးချုပ်က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒုံးကျည်များအား ပြုံယမ်းရှိ ဆူနန်ဒေသ၊ ပြုံယမ်းမြောက်ပိုင်းရှိ တုံချန်ရီခရိုင်နှင့် တောင်ပိုင်းဟမ်ကျုံးခရိုင် ဟမ်ဟန်းဒေသတို့အပါအဝင် နေရာအနှံ့အပြားမှ မိနစ် ၃၀ အတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ပြောကြားသည်။
ဒုံးကျည်များသည် မိုင် ရ၀ နီးပါးမှ မိုင် ၄၀၀ ကျော်အထိ ရောက်ရှိခဲ့ကြပြီး အမြင့်ပေ ၉၀ ကီလိုမီတာအတွင်း ပျံသန်းခဲ့သည်။

“ဒီလုပ်ရပ်က အရေးပေါ်အခြေအနေ ရောက်လာရင် မြောက်ကိုရီးယားဟာ အစင်းရေအများအပြား ပစ်လွှတ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်လိုတဲ့ရည်ရွယ်ချက်ကို ပြသနေတာဖြစ်ပါတယ်” ဟု ဆေဂျွန်းလေ့လာရေးဌာနမှ သုတေသီတစ်ဦးဖြစ်သူ ချန်ဆုံကျန်းက ပြောကြားသည်။

အစောပိုင်းက တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် အမေရိကန်လေယာဉ်တင် သင်္ဘော USS Ronald Reagan ပါဝင်သော သုံးရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုအပြီး နောက်တစ်ရက်၌ မြောက်ကိုရီးယားဘက်က ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားသည် ကာလရှည်ကြာ မနှစ်မြို့ကြောင်း ပြသခဲ့သလို ကျူးကျော်စစ်အတွက် ပူးတွဲလေ့ကျင့်နေခြင်းဟုလည်း စွပ်စွဲပြောကြားမှုများရှိသည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း ယခုနှစ်အတွင်း ၎င်း၏ လက်နက်တင်ဆင်ရေးအစီအစဉ်များကို နှစ်ဆတိုးမြှင့် ဆောင်ရွက်ခဲ့သည်။

ပြုံယမ်းဘက်က နျူကလီးယားလက်နက် စမ်းသပ်မှုအသစ်တစ်ရပ် ပြုလုပ်ရပ် ပြင်ဆင်နေကြောင်း စစ်ဘက်အရာရှိများနှင့် လေ့လာသူများက သတိပေးလျက်ရှိသည်။