အမေရိကန်နှင့် ထိုင်ဝမ်အကြား ညှိနှိုင်းဆွေးနွေးမှုအသစ်ဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်

အမေရိကန်နှင့်ထိုင်ဝမ်တို့သည် မကြာမီရာထူးမှ ထွက်ခွာတော့မည့် ထရမ့်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ထိုင်ဝမ်ကျွန်းနှင့် အရာရှိများ လဲလှယ်ခြင်းကို တိုးမြင့်ဆောင်ရွက်ရန် စီးပွားရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု အသစ်တစ်ရပ်ဖြင့် ခြေလှမ်းသစ် စတင်တော့မည်ဖြစ်သည်။

23 Nov 2020

(ဓာတ်ပုံ - AP)

အမေရိကန်နှင့်ထိုင်ဝမ်တို့သည် မကြာမီရာထူးမှ ထွက်ခွာတော့မည့် ထရမ့်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ထိုင်ဝမ်ကျွန်းနှင့် အရာရှိများ လဲလှယ်ခြင်းကို တိုးမြင့်ဆောင်ရွက်ရန် စီးပွားရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆွေးနွေးမှု အသစ်တစ်ရပ်ဖြင့် ခြေလှမ်းသစ် စတင်တော့မည်ဖြစ်သည်။

နှစ်နိုင်ငံအကြား အမေရိကန်-ထိုင်ဝမ် စီးပွားရေးတိုးတက်ကြွယ်ဝမှုဆိုင်ရာ ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု ကို နှစ်စဉ်ကျင်းပသွားတော့မည်ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘော တူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ကာလရှည် မျှော်လင့်ခဲ့သော နှစ်ဘက်ကုန်သွယ်ရေး သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် လိုအပ်လျက်ရှိသော်လည်း ယခုသဘောတူညီချက်သည် အမေရိကန်နှင့် တိုင်ပေအကြား ဆက်ဆံရေး ပိုမိုတိုးမြင့်လာမည့် ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ကိုယ်ပိုင်နယ်မြေအဖြစ် မှတ်ယူထားပြီး လိုအပ်လျှင် အာဏာသုံးကာ ပြန်လည်ပေါင်းစည်းစေမည်ဖြစ်ရာ အမေရိကန်၏ ထိုကဲ့သို့ လုပ်ဆောင်မှုများသည် ရန်စနေသကဲ့ သို့ဖြစ်နေကြောင်း တရုတ်နိုင်ငံက ဝေဖန်ခဲ့သည်။

“အမေရိကန်-ထိုင်ဝမ် စီးပွားရေး ညှိနှိုင်းဆွေးနွေးမှုဟာ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်ဆံမှုကို အားကောင်းစေရုံသာမက နှစ်ဘက် ဆက်ဆံရေးကိုလည်း ပိုမိုနက်ရှိုင်းကြီးထွားလာမယ့် စေမှာပါ”ဟု အမေရိကန်သံရုံးကဲ့သို့ တာဝန်ယူထားသည့် တိုင်ပေရှိ အမေရိကန် အင်စတီကျု ညွှန်ကြားရေးမှူး ဘရန့် ခရစ်စတင်ဆန်က ပြောကြားလိုက်သည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် ကုန်သွယ်ရေးမှ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၀၃.၉ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ ထုတ်ပြန် သည့် နောက်ဆုံးစာရင်းများအရ သိရသည်။

ယခုဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက် လုံခြုံရေးနှင့် လူ့အခွင့်အရေးကာကွယ်ရေးကို ဦးတည်သည့် ကွန်ရက်စီမံကိန်းသစ်နှင့် 5G လုံခြုံရေး ဆိုင်ရာများ၊ ဆီမီးကွန်ဒက်တာကဲ့သို့ ကိစ္စရပ်များသာမက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စိစစ်ခွင့်ပြုခြင်းနှင့် သိပ္ပံနှင့်နည်းပညာကဲ့သို့သော ကဏ္ဍများတွင်ပါ အမေရိကန်နှင့်ထိုင်ဝမ်အကြား ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားသည်။