- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အီရန်နှင့် တင်းမာမှုဖြစ်ပွားနေသည့် ပင်လယ်နီသို့ အမေရိကန်စစ်သင်္ဘော နှစ်စင်းရောက်ရှိ
ပင်လယ်ကွေ့ရေလမ်းကြောင်း၌ ဆီတင်သင်္ဘောများအား အီရန်က ဖမ်းဆီးမှုများ ရှိလာပြီးနောက်တွင် အမေရိကန်ဘက်က အင်အားတိုးမြှင့်သည့် အနေဖြင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
08 Aug 2023

အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ ရှိနေသည့် ပင်လယ်နီဒေသတွင် ကမ်းတက်စစ်သားများ အပါအဝင် စစ်မှုထမ်း ၃၀၀၀ ကျော်ပါရှိသည့် အမေရိကန်စစ်သင်္ဘောနှစ်စီး ရောက်ရှိနေကြောင်း အမေရိကန်ရေတပ်က သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပင်လယ်ကွေ့ရေလမ်းကြောင်း၌ ဆီတင်သင်္ဘောများအား အီရန်က ဖမ်းဆီးမှုများ ရှိလာပြီးနောက်တွင် အမေရိကန်ဘက်က အင်အားတိုးမြှင့်သည့် အနေဖြင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အမေရိကန် သင်္ဘောသားများနှင့် ကမ်းတက်စစ်သားများသည် ပြီးခဲ့သော တနင်္ဂနွေနေ့တွင် စူးအက်တူးမြောင်းမှတစ်ဆင့် ပင်လယ်နီသို့ ဝင်ရောက်ခဲ့ကြကြောင်း အမေရိကန် ပဥၥမရေတပ်အုပ်စုက ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
စစ်မှုထမ်း ၃၀၀၀ ကျော်သည် USS Bataan နှင့် USS Carter Hall စစ်သင်္ဘောနှစ်စင်းနှင့် လိုက်ပါလာခြင်း ဖြစ်သည်။
အီရန်သည် ပြီးခဲ့သော ၂ နှစ်တာအတွင်း အဆိုပါရေပြင်၌ နိုင်ငံတကာအလံ လွှင့်ထူထားသည့် သင်္ဘောအစင်း ၂၀ ကျော်အား ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းချုပ်ရန်ကြိုးပမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားထားသည်။
မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်များကို တားဆီးရန်၊ အရှက်ရစေမှုများနှင့် ကုန်တင်သင်္ဘောများအား ဖမ်းဆီးမှုများဖြင့် အီရန်က ဖန်တီးနေသည့် ဒေသတွင်းတင်းမာမှုများကို လျှော့ချရန် အားထုတ်သည့်အနေဖြင့် ယခုကဲ့သို့ နေရာချထားရခြင်း ဖြစ်ကြောင်း ပဥၥမရေတပ်အုပ်စု ပြောခွင့်ရ တင်မ်ဟောကင်းက အေအက်ဖ်ပီသို့ ပြောကြားသည်။
အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ နာဆာခါနာနီကမူ အမေရိကန်တို့ တပ်နေရာချထားမှုသည် ဝါရှင်တန်၏ အကျိုးအမြတ်အတွက် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း တနင်္လာနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
“ပါရှန်ပင်လယ်ကွေ့ နိုင်ငံတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ကိုယ်တာဝန်ယူနိုင်တယ်လို့ ကျွန်တော်တို့ အလေးအနက် ယုံကြည်ပါတယ်” ဟုလည်း သူကပြောသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် အိုမန်ကမ်းလွန်ရှိ နိုင်ငံတကာရေပိုင်နက်တွင် အီရန်တို့က ကုန်တင်သင်္ဘောနှစ်စီးအား သိမ်းပိုက်ရန်ကြိုးပမ်းမှုကို မိမိတို့ တပ်ဖွဲ့များက တားဆီးနိုင်ခဲ့သည်ဟု ဝါရှင်တန်က ပြောကြားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ တပ်နေရာ ချထားမှု ရှိလာခြင်းဖြစ်သည်။