- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်တွင် ကုန်ဈေးနှုန်းများ နှစ် ၄၀ အတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်
အမေရိကန်ပြည်ထောင်စုတွင် လူသုံးကုန်ပစ္စည်းဈေးနှုန်းများသည် နှစ်ပေါင်း ၄၀ နီးပါးကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လျက်ရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းသည်လည်း ပြီးခဲ့သောဒီဇင်ဘာလတွင် ရ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jan 2022

DMG ၊ ဇန်နဝါရီ၁၇
အမေရိကန်ပြည်ထောင်စုတွင် လူသုံးကုန်ပစ္စည်းဈေးနှုန်းများသည် နှစ်ပေါင်း ၄၀ နီးပါးကာလအတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်လျက်ရှိပြီး နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းသည်လည်း ပြီးခဲ့သောဒီဇင်ဘာလတွင် ရ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မော်တော်ကားကဲ့သို့သော အရေးပါသည့် အသုံးအဆောင်များ၏ ဝယ်လိုအားမြင့်တက်မှုနှင့် ကုန်စည်ရှားပါးမှု အခြေအနေသည် ပိုမိုမြင့်တက်လာနေပြီး မူဝါဒချမှတ်သူများကို ဖိအားပေးလျက်ရှိသည်။
အမေရိကန်ဗဟိုဘဏ်သည် ယခုနှစ်တွင် အတိုးနှုန်းများ တိုးမြှင့်ရန်မျှော်လင့်လျက်ရှိသည်။
ငှားရမ်းခများမြင့်တက်မှုသည် မော်တော်ကားကဲ့သို့ အသုံးအဆောင်များ ဝယ်ယူရာတွင် ငွေကြေးသုံးစွဲရမှု ပိုများလာမည် ဖြစ်ရာ ဝယ်လိုအားကို ဤနည်းဖြင့်လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဒီဇင်ဘာလတွင်း ဈေးနှုန်းမြင့်တက်မှုသည် မူဝါဒချမှတ်သူများ ခန့်မှန်းထားသည့် နှစ်စဉ်ငွေဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းထက် ပိုမိုကျော်လွန်ပြီး ၆ ရာခိုင်နှုန်းအထိ လစဉ်ဆက်တိုက် မြင့်တက်နေသည့် ၃ လမြောက်လည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဤနှုန်းထားဖြင့် ငွေကြေးဖောင်းပွမှုကို နောက်ဆုံးအကြိမ် ရင်ဆိုင်ခဲ့ရသည်မှာ ၁၉၈၂ ခုနှစ်က ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
နှစ်အလိုက် အိမ်ခြံမြေနှုန်းထားများသည် ၄.၁ ရာခိုင်နှုန်းအထိ မြင့်တက်နေသလို စားသောက်ကုန်ဈေးနှုန်းများသည်လည်း ၆.၅ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိသည်။ ပြီးခဲ့သော ဆယ်နှစ်တာအတွင်း နိုင်ငံ၏ ပျမ်းမျှ ကုန်ဈေးနှုန်းမြင့်တက်မှုသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
လောင်စာဆီဈေးနှုန်းများသည် နိုဝင်ဘာမှ ဒီဇင်ဘာလအတွင်း ဝ.၄ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ပြီးခဲ့သော ၁၂ လအတွင်း ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန်ကျခြင်းဖြစ်သည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၃၀ ကျော်ကို ကိုယ်စားပြုသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့က ယခုသီတင်းပတ်အတွင်း ပြောကြားချက်အရ အဖွဲ့ဝင်နိုင်ငံများအတွင်း ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ၌ ၂၅ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။