အာဖဂန်စကားပြန် နှစ်သောင်းခန့် အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံထား

အာဖဂန်နစ္စတန်တွင် အမေရိကန်အတွက် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အာဖဂန်လူမျိုး နှစ်သောင်းခန့်သည်  အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံထားကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

16 Jul 2021

ဓာတ်ပုံ - AFP

DMG ၊ ဇူလိုင် ၁၆

အာဖဂန်နစ္စတန်တွင် အမေရိကန်အတွက် စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အာဖဂန်လူမျိုး နှစ်သောင်းခန့်သည်  အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံထားကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

“ခိုလှုံခွင့် လျှောက်ထားတဲ့ အာဖဂန်လူမျိုး နှစ်သောင်းဝန်းကျင် ရှိပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရ ဂျန်ဆာကီက သတင်းထောက်များကို ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ဆုတ်ခွာမှုနှင့်အတူ နိုင်ငံတွင်း ကျန်ခဲ့သည့် အာဖဂန်စကားပြန်များသည် တာလီဘန်တို့၏ အန္တရာယ် ပြုနိုင်ခြေကို ရင်ဆိုင်နေရသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် စကားပြန်များသာမက သူတို့၏ မိသားစုဝင်များကိုပါ ထည့်သွင်းစဉ်းစားမည်ဟု ဂျန်ဆာကီက ဆိုသည်။ မိသားစုဝင်အရေအတွက် မည်မျှအထိ ခွင့်ပြုမည်ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။ ၎င်းတို့ကို ယခုလအတွင်း စတင်ခေါ်ယူမည် ဖြစ်သည်။

လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီးသူများအား လက်ရှိအချိန်၌ အမေရိကန် အခြေစိုက်စခန်းတစ်ခုတွင် ယာယီ စောင့်ရှောက်ထားသည်ဟု ဂျန်ဆာကီက ဆိုသည်။

“အမေရိကန်နဲ့ နေတိုးတို့ရဲ့ အယ်ကိုင်းဒါး၊ ဟာကာနီကွန်ရက်၊ အိုက်အက်စ်နဲ့ အခြား အကြမ်းဖက် တိုက်ဖျက်ရေး ထောက်လှမ်းရေးလုပ်ငန်းတွေမှာ အာဖဂန်လူမျိုး ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ အသက်နဲ့ရင်းပြီး ဆယ်စုနှစ် နှစ်ခုစာ ပါဝင်ကူညီခဲ့ကြတာ ဖြစ်ပါတယ်” ဟု လွှတ်တော် ထောက်လှမ်းရေးကော်မီတီ ဥက္ကဌ မက်ဝါနာနှင့် ဒုဥက္ကဌ မာကိုရူဘီယိုတို့က သမ္မတဘိုင်ဒန်ထံ ပေးပို့သောစာတွင် ရေးသားထားသည်။

“အာဖဂန်နစ္စတန်မှာရှိတဲ့ ကျွန်တော်တို့ ထောက်လှမ်းရေးနယ်ပယ်အတွက် အရေးပါတဲ့ အထောက်အပံ့တွေ ပေးခဲ့ကြသူတွေကို စွန်ပစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဆွေဖြစ်ဖို့ အလားအလာရှိနေသူတွေရဲ့ အမေရိကန်အပေါ် ထားရှိတဲ့ ယုံကြည်စိတ်ချမှုနဲ့ အားကိုးမှုတွေကို ဖျက်ဆီးပစ်ရာ ရောက်သွားနိုင်ပါတယ်” ဟု အဆိုပါစာတွင် ထည့်သွင်းဖော်ပြထားသည်။

အာဖဂန်မှ ထွက်ခွာရန် အကျုံးဝင်သူ စုစုပေါင်းသည် တစ်သိန်းနီးပါး ရှိနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။