အမေရိကန်၏ ဒီမိုကရေစီညီလာခံသည် ပြက်လုံးတစ်ခုသာဖြစ်သည်ဟု တရုတ်ပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စီစဉ်သည့် ဒီမိုကရေစီညီလာခံသည် ပြက်လုံးတစ်ခုသာ ဖြစ်လာမည်ဖြစ်သလို အမေရိကန်နိုင်ငံရေးစနစ်သည်လည်း စစ်မှန်သောဒီမိုကရေစီကို ကိုယ်စားမပြုကြောင်း အကြီးတန်း တရုတ်အရာရှိများက စနေနေ့တွင် ပြောကြားလိုက်သည်။

04 Dec 2021

ဓာတ်ပုံ - Reuters

DMG ၊ ‌ဒီဇင်ဘာ ၄

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် စီစဉ်သည့် ဒီမိုကရေစီညီလာခံသည် ပြက်လုံးတစ်ခုသာ ဖြစ်လာမည်ဖြစ်သလို အမေရိကန်နိုင်ငံရေးစနစ်သည်လည်း စစ်မှန်သောဒီမိုကရေစီကို ကိုယ်စားမပြုကြောင်း အကြီးတန်း တရုတ်အရာရှိများက စနေနေ့တွင် ပြောကြားလိုက်သည်။

“အမေရိကန်ဒီမိုကရေစီစနစ်အောက်မှာ အမေရိကန်နိုင်ငံရေးသမားတွေဟာ ကိုယ်ကျိုးစီးပွားအုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်နေပြီး မဲဆန္ဒရှင်အများစုရဲ့ အကျိုးစီးပွား ဒါမှမဟုတ် နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ကိုယ်စားမပြုကြဘူး” ဟု ဗဟိုကွန်မြူနစ်ပါတီ၏ မူဝါဒရေးရာ သုတေသနရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး ကျန်ပေ့ယန်က ဘေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံရေးသမားတွေဟာ မဲနိုင်ဖို့အတွက်ဆိုရင် ဘာလာလာ အကုန်ကတိပေးကြမှာပဲ။ ပြီးရင် သူ့ကတိတွေကို အကောင်အထည်ဖော်တယ် ဆိုတာ ရှားပါတယ်။” ဟု သူကပြောသည်။
“ဒါက ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ တရုတ်ပြည်သူလူထုဟာ ဒီလိုဒီမိုကရေစီမျိုးကို မနှစ်သက်သလို လိုလည်းမလိုချင်ကြဘူး” ဟုလည်း သူကဆိုသည်။

သမ္မတဘိုင်ဒန်စီစဉ်ပြီး ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပမည့် အွန်လိုင်းအစည်းအဝေးတွင် ထိုင်ဝမ်အပါအဝင် ဖိတ်ကြားထားသူ ၁၀၀ ကျော်ရှိပြီး တရုတ်အာဏာပိုင်များသည် အဆိုပါအစည်းအဝေးအား ဝေဖန်လျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ် အာဏာရလာသည့် ၂၀၁၆ ခုနှစ်မှစတင်၍ ထိုင်ဝမ်အပေါ် စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးအရ ဖိအားများ ပိုမိုတိုးမြှင့်လျက်ရှိသည်။ ထိုင်ဝမ်ကျွန်းကို တရုတ်တို့က မိမိတို့ပိုက်နက်အဖြစ် သတ်မှတ်ထားပြီး စိုင်အင်ဝမ်အစိုးရအဖွဲ့ကမူ တရုတ်၏ သတ်မှတ်ချက်ကို ငြင်းဆိုထားသည်။

အမေရိကန်စနစ်ရှိ ‘ဆုံလည်တံခါး’ သရုပ်လက္ခဏာအရ နိုင်ငံရေးသမားများသည် အကျိုးစီးပွားအုပ်စုများနှင့် လော်ဘီများအကြားတွင် ယိမ်းထိုးနေသည်ဟု ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန လက်ထောက်အကြီးအကဲ ရှုလင်းကလည်း ပြောကြားသည်။

အာဆီယံ ၁၀ နိုင်ငံအနက် အဆိုပါအစည်းအဝေးသို့ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကိုသာ ဖိတ်ထားသည်။

သက်ဦးဆံပိုင်စနစ်များကို ဆန့်ကျင်တိုက်ဖျက်သည့် ဒီမိုကရေစီတိုက်ပွဲများသည် ၂၁ ရာစု၏ ပထဝီနိုင်ငံရေးစိန်ခေါ်မှုအတွက် အရေးပါသည့်အချက်တစ်ရပ်အဖြစ် သမ္မတဘိုင်ဒန်သည် ပုံဖော်ပြောကြားလေ့ရှိသည်။