အမေရိကန်စာသင်ကျောင်း ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ကျောင်းသား၏ မိဘကို ဖမ်းဆီး

အမေရိကန်ပြည်ထောင်စု မစ်ချီဂန်ပြည်နယ် ဒီထရွိုက်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က လူ ၄ ဦး သေဆုံးစေခဲ့သည့် ပစ်ခတ်မှု ပြုလုပ်ခဲ့သော ကျောင်းသား၏ မိဘများအား အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

05 Dec 2021

(ဓာတ်ပုံ - AFP)

DMG ၊ ဒီဇင်ဘာ ၅

အမေရိကန်ပြည်ထောင်စု မစ်ချီဂန်ပြည်နယ် ဒီထရွိုက်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က လူ ၄ ဦး သေဆုံးစေခဲ့သည့် ပစ်ခတ်မှု ပြုလုပ်ခဲ့သော ကျောင်းသား၏ မိဘများအား အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ကျောင်းသားသည် ၎င်း၏ဖခင် ဝယ်ယူထားသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကျူးလွန်သူ ကျောင်းသား အီသန်ခရွမ်ဘလေ၏ မိဘများဖြစ်သော ဂျိမ်းခရွမ်ဘလေနှင့် ဂျနီဖာခရွမ်ဘလေတို့အား အော့ကလန်ခရိုင်အာဏာပိုင်များက သောကြာနေ့ညပိုင်းတွင် တရားခံပြေးများအဖြစ် သတ်မှတ်ခဲ့သည်။

နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား ပစ်ခတ်မှုဖြစ်ပွားရာနေရာနှင့် ကီလိုမီတာ ၆၀ အကွာရှိ စက်ရုံတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များ တွေ့ရှိခဲ့ကြောင်း ဒီထရွိုက်ရဲတပ်ဖွဲ့ ပြောခွင့်ရ ရူဒီဟာပါက စီအန်အန်သတင်းဌာနသို့ ဖြေကြားသည်။

လူသတ်မှုတွင် မရည်ရွယ်ဘဲ ပူးပေါင်းပါဝင်နေမှုဖြင့် ၎င်းတို့နှစ်ဦးကို တရားစွဲဆိုထားကြောင်း အော့ကလန်အစိုးရရှေ့နေ ကယ်ရင်မက်ဒိုနယ်က ကြေညာထားသည်။

“ဒီတရားစွဲဆိုမှုတွေဟာ ဒီကြေကွဲဖွယ်ရာ ဖြစ်ရပ်မှာ သက်ဆိုင်သူတွေကို တာဝန်ယူမှုရှိစေဖို့ ရည်ရွယ်တာဖြစ်လို သေနတ်ပိုင်ဆိုင်သူတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို သတင်းစကား ပေးချင်လို့ဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ကယ်ရင်မက်ဒိုနယ်က ဖြေကြားသည်။

“ကျောင်းဝင်းထဲဝင်လာပြီး ပစ်ခတ်သူက တစ်ယောက်ဆိုပေမယ့် ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေလည်း ရှိနေပါသေးတယ်” ဟု သူမကဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က အောက်စဖို့အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း ကျောင်းသား လေးဦး သေဆုံးခဲ့ပြီး ဆရာတစ်ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်ရာတွင် အသုံးပြုခဲ့သော သေနတ်သည် ပစ်ခတ်မှုမဖြစ်ပွားမီ လေးရက်အလိုက ကျူးလွန်သူ၏ ဖခင်ဖြစ်သူ ဝယ်ယူခဲ့သောသေနတ် ဖြစ်သည်။

ကျူးလွန်သူ အီသန်ခရွမ်ဘလေသည် ပစ်ခတ်မှု မဖြစ်ပွားမီ တစ်ရက်အလိုတွင် ဗီဒီယိုဖိုင်တစ်ဖိုင် ရိုက်ကူးခဲ့ပြီး အဆိုပါဖိုင်၌ နောက်နေ့တွင် ကျောင်း၌ ပစ်ခတ်မှုပြုလုပ်မည်ဟု ပြောကြားထားသည်။ ထိုဖိုင်ကိုမူ အွန်လိုင်းသို့ မတင်ခဲ့ပေ။

ထိုနေ့တွင်ပင် အီသန်ခရွမ်ဘလေသည် ကျည်ဆန်ဝယ်ယူရန် ဖုန်းဖြင့် ရှာဖွေစုံစမ်းနေသည်ကို ဆရာတစ်ဦးက တွေ့ရှိပြီး ကျောင်းအာဏာပိုင်များထံ တိုင်ကြားခဲ့သည်။ ၎င်း၏မိခင်အား ကျောင်းအာဏာပိုင်များက ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။

ပစ်ခတ်မှု ဖြစ်ပွားသောနေ့တွင် ကျောင်းအာဏာပိုင်များသည် ကျောင်းသားမိဘကို ခေါ်ယူတွေ့ဆုံပြီး ၎င်းတို့၏သားကို နားလည်တတ်ကျွမ်းသူနှင့် ၄၈ နာရီအတွင်း တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးရန် အကြံပြုခဲ့သော်လည်း မိဘများသည် သားကို ကျောင်းတွင်သာထားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် ကျောင်းသားသည် သန့်စင်ခန်းထဲသို့ ဝင်သွားပြီးနောက် သေနတ်ကိုင်၍ ပြန်ထွက်လာကာ ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၁ ခုနှစ်အတွင်း စာသင်ကျောင်းပစ်ခတ်မှု ၁၃၈ ကြိမ်ရှိပြီး အဆိုပါပစ်ခတ်မှုများအတွင်း သေဆုံးသူစုစုပေါင်း ၂၆ ဦးအထိရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။